သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တရုတ်ထောက်လှမ်းရေး မိုးပျံဘောလုံးကို အမေရိကန်ပစ်ချလိုက်ပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 6.9k

(အက်ဖ်-၂၂တိုက်လေယာဉ်များက အမေရိကန်ရေပိုင်နက်အတွင်း ဒုံးကျည်ဖြင့် ပစ်ချခဲ့

နိရဉ္စရာ၊ ဖေဖော်ဝါရီ /၂၀၂၃ (နိုင်ငံတကာ)

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အမေရိကန်ပြည်ထောင်စု မွန်တာနာပြည်နယ် ကောင်းကင်းယံတွင် တွေ့ရှိခဲ့ရပြီး အရေးကြီး အမေရိကန်စစ်ဘက်နယ်မြေများကို ဖြတ်ကျော် ထောက်လှမ်းခဲ့သည်ဟုဆိုသော တရုတ်မိုးပျံဘောလုံးကို အမေရိကန်လေတပ်က ပစ်ချလိုက်ပြီဖြစ်သည်။

အမေရိကန်တိုက်လေယာဉ်များက အဆိုပါ မိုးပျံဘောလုံးကို အမေရိကန်ရေပိုင်နက်အတွင်း စနေနေ့ကဒုံးကျည်ဖြင့် ပစ်ခတ်ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဌာနက အတည်ပြု ပြောကြားခဲ့သည်။

စနေနေ့က စစ်ဆင်ရေးပြုလုပ်နေစဉ် မြောက်နှင့် တောင်ကယ်ရိုလိုင်းနား ပြည်နယ် ကမ်းခြေအနီး လေဆိပ်သုံးခုနှင့် လေကြောင်းနယ်မြေကို ခေတ္တပိတ်ထားခဲ့ရသည်။ 

အမေရိကန် ရုပ်သံသတင်းများတွင် ပေါက်ကွဲမှုအနည်းငယ်နှင့်အတူ ပင်လယ်ပြင်ပေါ်ကျသွားသော မိုးပျံဘောလုံးကို မြင်တွေ့ကြရသည်။ 

အက်ဖ် ၂၂ဂျက် တိုက်လေယာဉ်တစ်စီးက အလွန်မြင့်မားသော ကောင်းကင်ယံ၌ ပျံသန်းနေသည့် မိုးပျံဘောလုံးကို အမေရိကန်ကမ်းခြေမှ ခြောက်မိုင်အကွာတွင် စနေနေ့ မွန်းလွဲပိုင်းက ဒုံးကျည်ဖြင့် ပစ်ချလိုက်ခြင်း ဖြစ်သည်ဟု ကာကွယ်ရေးအရာရှိ တစ်ဦးက သတင်းထောက်များကို ပြောကြားသည်။ 

မိုးပျံဘောလုံးအပျက်အစီးများသည် တောင်ကယ်ရိုလိုင်းနားပြည်နယ် မာတယ်လ် ကမ်းခြေအနီး ရေပြင်အနက်(၄၇)ပေ သို့ ကျရောက်ခဲ့သည်ဟု ဆိုသည်။ 

ယခုအခါ ခုနစ်မိုင် ဝန်းကျင်အထိ ပြန့်ကျဲနေသည့် အပျက်အစီးများကို ပြန်လည်ရှာဖွေရန် အမေရိကန် စစ်တပ်က ကြိုးစားနေပြီး ထိုနေရာသို့ အလွန်ကြီးမားသည့် ကရိန်းပါဝင်သော သင်္ဘောတစ်စီး အပါအဝင် ရေတပ်သင်္ဘောနှစ်စီး ရောက်ရှိနေပြီဟုသိရသည်။ 

ပြီးခဲ့သည့် ကြာသပတေးနေ့ မိုးပျံဘောလုံး စတင်တွေ့ရှိကတည်းက သမ္မတဘိုင်ဒင်မှာ အဆိုပါ မိုးပျံဘောလုံး ပစ်ချရေးအတွက် ဖိအားဝင်နေခဲ့သည်။ ပစ်ချလိုက်ပြီးနောက်တွင်မူ အောင်မြင်စွာ ပစ်ချနိုင်ခဲ့သည့် လေကြောင်းကာကွယ်ရေးအဖွဲ့ကို ချီးကျူးစကားပြောကြားခဲ့သည်။ 

ယခုကဲ့သို့ မိုးပျံဘောလုံး တွေ့ရှိမှုကြောင့် အမေရိကန် နှင့် ရုတ်အကြား သံတမန်ရေး ဆက်ဆံမှု တင်းမာခဲ့ရပြီး ယခုတစ်ပတ်အတွင်း တရုတ်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသည့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် ခရီးစဉ်ကိုလည်း ရုတ်တရက် ဖျက်သိမ်းပစ်ခဲ့သည်။ 

တရုတ်အာဏာပိုင်များက ယခုတွေ့ရှိရသည့် မိုးပျံဘောလုံးမှာ သာမန်အရပ်သုံး မိုးလေဝသ လေ့လာရေး မိုးပျံဘောလုံးသာ ဖြစ်ပြီး လေစီးကြောင်းအတိုင်း မျောပါရင်း မတော်တဆရောက်ရှိသွားကြောင်းနှင့် လျှို့ဝှက် ထောက်လှမ်းရေးပြုလုပ်ရန်မဟုတ်ဟု ငြင်းဆိုထားသည်။ 

ဗုဒ္ဓဟူးနေ့က စတွေ့လျှင် တွေ့ချင်း သမ္မတဘိုင်ဒင်က ပစ်ချရန်အမိန့် ပေးခဲ့သော်လည်း မြေပြင် လူနေရပ်ကွက်ပေါ် ကျရောက်လျှင် အန္တရာယ်ဖြစ်မည်စိုး၍ မိုးပျံဘောလုံးအမေရိကန်ကုန်းမြေကို ကျော်လွန်သည် အထိ စောင့်ကြည့်ပြီးမှ ပစ်ချရခြင်းဖြစ်သည်ဟု သိရသည်။ 

ပစ်မချမီ တောင်ကယ်ရိုလိုင်းနားကမ်းခြေအနီး လေဆိပ်သုံးခု နှင့် လေယာဉ်အဝင်အထွက်များကို သုံးနာရီကြာ ပိတ်ထားလိုက်သလို ကမ်းခြေစောင့်တပ်ကလည်း ကမ်းခြေအနီးနေထိုင်သူများကို ဖြတ်သန်းသွားလာခြင်း ပြုရန် တားမြစ်ပိတ်ပင်ခဲ့သည်။ 

မျက်မြင်တစ်ဦး၏ ပြောကြားချက်အရ ဒုံးကျည်ဖြင့် မပစ်ခတ်မီ ဂျက်တိုက်လေယာဉ် သုံးစီး လှည့်ပတ်ပျံသန်းနေပြီး ပေါက်ကွဲသံနှင့်အတူ အိမ်ပါတုန်ခါသွားသည်ဟု ဆိုသည်။ 

အမေရိကန် ကာကွယ်ရေးအရာရှိများ၏ ပြောကြားချက်အရ မိုးပျံဘောလုံးသည် ဇန်နဝါရီလ ၂၈ ရက်ကတည်းက အမေရိကန်လေကြောင်းပိုင်နက်အတွင်း င်ရောက်ခဲ့ပြီး ကနေဒါဘက်သို့ ရွေ့လျားကာဇန်နဝါရီ ၃၁ရက်တွင် အမေရိကန်နိုင်ငံထဲ ပြန်ဝင်လာခြင်းဖြစ်ကြောင်း၊ ထို့နောက် နျူးကလီးယား ဒုံးကျည်သိုလှောင်စခန်းများရှိရာ မွန်တာနာ ပြည်နယ်ပေါ်တွင် တွေ့ရှိရပြီးနောက် ဆက်လက် စောင့်ကြည့်ခဲ့သည်ဟု ဆိုသည်။ 

ယခုဖြစ်ရပ်ကြောင့် တရုတ် နှင့် အမေရိကန်ကြား ဆက်ဆံရေး ပိုမိုတင်းမာသွားပြီး ပင်တာဂွန်က လက်ခံနိုင်ဖွယ်မရှိသော အချုပ်အခြာအာဏာ ချိုးဖောက်ခံရမှုဖြစ်သည်ဟု ဝေဖန်ပြစ်တင်ခဲ့သည်။

ပြီးခဲ့သည့် သောကြာနေ့ကလည်း ဒုတိယမြောက် တရုတ်ထောက်လှမ်းရေး မိုးပျံဘောလုံး တစ်လုံးကို လက်တင်အမေရိက ဗင်နီဇွဲလားနှင့် ကော့စတာရီကာကြားတွင် ထပ်မံ တွေ့ရှိခဲ့သည်ဟု ပင်တာဂွန်က ဆိုသည်။ ဒုတိယမြောက် မိုးပျံဘောလုံးနှင့်ပတ်သက်၍မူ တရုတ်က တစ်စုံတရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။ 

NN-27

Ref:bbc (world)

ဆက်စပ် သတင်းများ