နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၀/၂၀၂၃ (နိုင်ငံတကာ)
အမေရိကန် U2 ထောက်လှမ်းရေး လေယာဉ်က ပေးပို့သည့် ဓါတ်ပုံများအရ ပြီးခဲ့သည့် အပတ်က
အမေရိကန်ပြည်ထောင်စုကို ဖြတ်ကျော်ပျံသန်းသွားသည့် မိုးပျံဘောလုံးတွင် တပ်ဆင်ထားသော ပစ္စည်းကိရိယာများသည် မိုးလေဝသ အချက်အရများ ရယူရန်အတွက် မဟုတ်ဘဲ မြေပြင်သတင်းအချက်အလက်များကို
စုံစမ်းထောက်လှမ်းရန် အတွက်သာ
ဖြစ်သည်ဟု အမေရိကန်တာဝန်ရှိသူများက ကြာသပတေးနေ့က ပြောကြားလိုက်သည်။
"ယူတူး ထောက်လှမ်းရေး လေယာဉ်က ရရှိခဲ့တဲ့ အသေးစိတ် ဓါတ်ပုံတွေအရ
တရုတ် မိုးပျံဘောလုံးမှာ တပ်ဆင်ထားတဲ့ ပစ္စည်းကိရိယာတွေဟာ မိုးလေဝသလေ့လာရေးအတွက်မဟုတ်ဘဲ ထောက်လှမ်းရေး သတင်း အချက်အလက် ရယူဖို့အတွက်ပဲဖြစ်တယ်ဆိုတာ
တွေ့ရှိခဲ့ရတယ်။"
" အဲဒီမှာ အရုပ်အသံဖမ်း အင်တင်နာမျိုးစုံ တပ်ဆင်ထားပြီး သတင်းအချက်အလက်
စုဆောင်းရယူနိုင်သလို မြေပြင် တည်နေရာပြ ဆက်သွယ်ရေးလည်း လုပ်ဆောင်နိုင်တာ တွေ့ရတယ်။"
" အင်မတန်ကြီးမားပြီး မိုးပျံဘောလုံးအတွက် လုံလောက်တဲ့ နေရောခြည်စွမ်းအင်ပမာဏ ထုတ်ပေးနိုင်တဲ့ဆိုလာပြားတွေလည်း တပ်ဆင်ထားတာတွေ့ရတယ်" ဟု အမေရိကန် နိုင်ငံခြားရေးဌာန အထက်တန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တရုတ်မိုးပျံဘောလုံးသည် ပြီးခဲ့သည့်အပတ်က အမေရိကန်နိုင်ငံ၏ နျူးကလီယား လက်နက်များ သိုလှောင်ထားရာနေရာများကို ဖြတ်ကျော်ပျံသန်းသွားပြီးနောက်
စနေနေ့က အတ္တလန်တိတ် ပင်လယ်ကမ်းခြေ အလွန်တွင် အမေရိကန်တိုက်လေယာဉ်များက ပစ်ချဖျက်ဆီးလိုက်သည်။
အမေရိကန် ဗဟိုထောက်လှမ်းရေးဌာနမှ အရာရှိတစ်ဦးက
ယခု ပြန်ဆယ်ရရှိသော အစိတ်အပိုင်းများမှာ ဘောလုံးက
သယ်ဆောင်နိုင်သည့် ထောက်လှမ်းရေးနဲ့ လျှပ်စစ်စွမ်းအင်ပစ္စည်းများ၏ အလေးချိန်အစိတ်အပိုင်း အနည်းငယ်မျှသာ
ရှိသေးသည်ဟု ဆိုသည်။
ယခု တွေ့ရှိရသော ပစ္စည်းကိရိယာများမှာ ရေပြင်ပေါ်တွင် မျောပါနေသော အပိုင်းအစ အနည်းငယ်သာဖြစ်ပြီး ရေအောက် ၁၄ မီတာတွင် နစ်မြုပ်နေသည့် ဆိုလာပြား အစိတ်အပိုင်းကြီးများ အပါအဝင် အခြားကိရိယာများ ရှိနေသေးသည်ဟု အက်ဖ်ဘီအိုင်က
တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ယခု ပစ်ချခံရသော မိုးပျံဘောလုံးသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် ရှိပြီး တရုတ်နိုင်ငံက
ကမ္ဘာ့တိုက်ကြီး ငါးတိုက်ရှိနိုင်ငံပေါင်း (၄၀) ကျော်ကို စုံစမ်းထောက်လှမ်းရန် နှင့်
သတင်း အချက်အလက် ရယူရန် စေလွှတ်ထားသောမိုးပျံ
ဘောလုံးများအနက်မှ တစ်ခုသာ ဖြစ်သည်ဟု ဆိုသည်။
NN-27, ref: CNA