သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အလက်စကာ ကောင်းကင်ယံတွင်တွေ့ရှိရသည့် အမျိုးအမည်မသိ ပျံသန်းနေသည့် အရာဝတ္ထုအား အမေရိကန်အက်ဖ်-၂၂ တိုက်လေယာဉ်က ပစ်ချပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.6k

နိရဉ္စရာ၊ဖေဖော်ဝါရီ ၁၁/၂၀၂၃ (နိုင်ငံတကာ) 

 

အမေရိကန်လေတပ်မှ အက်ဖ်- ၂၂ တိုက်လေယာဉ်များသည် အလက်စကာပြည်နယ် ကောင်းကင်ယံ၌ ပျံသန်းနေသည့် အမျိုးမည်မသိအရာဝတ္ထု တစ်ခုအား သောကြာနေ့က ပစ်ချလိုက်ပြီဟု ပင်တာဂွန်စစ်ဌာနချုပ်က ကြေညာသည်။

 

သာမန်မဟုတ်သော အမြင့်ပေတွင် ပျံသန်းနေသည့် အမျိုးမည်မသိ အရာဝတ္ထုအား ကြာသပတေးနေ့က တွေ့ရှိရပြီးနောက် သမ္မတ ဂျိုးဘိုင်ဒင်၏ အမိန့်ဖြင့်ပစ်ချလိုက်ကြခြင်းဖြစ်သည်။

 

ယခုဖြစ်ရပ်မှာ ပြီးခဲ့သည့်တစ်ပတ်က တရုတ်မိုးပျံဘောလုံးအား အမေရိကန် နယ်နမိတ်အတွင်း ပစ်ချခဲ့ပြီး နောက်ထပ်မံပေါ်ပေါက်လာခြင်း ဖြစ်သည်။

 

အလက်စ်ကာ ကောင်းကင်ယံတွင် တွေ့ရှိရသည့်အဆိုပါ အမျိုးမည်မသိ အရာဝတ္ထုမှာ မော်တော်ကားငယ်တစ်စီး အရွယ်ပမာဏ ရှိသည်ဟုဆိုသည်။ 

 

မည့်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းကပိုင်ဆိုင်သည်ဟု မသိရဘဲ မြို့ပြလေကြောင်းပျံသန်းမှုကို အန္တရာယ် ပြုနိုင်ချေရှိသည် ပင်တာဂွန်ပြောခွင့်ရ ဂျွန်ကာဘီက ဆိုသည်။

 

အပျက်အစီးပမာဏနှင့် ကျရောက်ဧရိယာ အကျယ်အဝန်းမှာ တရုတ်မိုးပျံဘောလုံးလောက် မကြီးမားဟု သိရသည်။ 

 

“ ဒီအရာဝတ္ထုဟာ အလက်စကာပြည်နယ် မြောက်ပိုင်းကမ်းခြေ အလွန်မှာ အမြင့်ပေ ၄၀၀၀၀ ကနေပြီး တစ်နာရီမိုင် ၂၀ ကနေ ၄၀အတွင်း မြောက်ဘက်ကို တရွေ့ရွေ့ပျံသန်းနေတာပါ။ အထဲမှာ လူလိုက်ပါတဲ့ လက္ခဏာ မတွေ့ရပါဘူး” ဟု ပင်တာဂွန်စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက ဆိုသည်။

 

ရဟတ်ယာဉ်နှင့် သယ်ယူပို့ဆောင်ရေးယာဉ်များ ထိုနေရာသို့ သွားရောက်နေပြီး အပျက်အစီးများကို ရှာဖွေ ဆယ်ယူနေသည်ဟု သိရသည်။

 

“ လေတပ် အက်ဖ်၂၂ တိုက်လေယာဉ်နှစ်စင်းကနေပြီး Sidewinder ဒုံးကျည်နဲ့ ဒေသစံတော်ချိန် ၁နာရီ ၅မိနစ်မှာပစ်ချခဲ့တာပါ” ဟု ပင်တာဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပက်ရိုင်ဒါကပြောဆိုခဲ့သည်။ 

NN-27

Ref : CNA

ဆက်စပ် သတင်းများ