သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အာဆာခေါင်းဆောင်တစ်ဦးဖြစ်သူ အာဆတ်ဒူလာအား ဘင်္ဂလားဒေ့ရှ်ရဲများက စစ်တကောင်းလေဆိပ်တွင် ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.3k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၁/၂၀၂၃

အာဆာအဖွဲ့ ( ARSA) ခေါင်းဆောင် အာဆတ်ဒူလာ (Asadullah) ကို ဘင်္ဂလားဒေ့ရှ် လူဝင်မှုကြီးကြပ်ရေးရဲများက ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျက်ဒါး သို့အသွား စစ်တကောင်းလေဆိပ်တွင် သောကြာနေ့ညနေက ဘင်္ဂလာဒေ့ရှ် နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)နှင့်အတူ  ဖမ်းဆီးလိုက်သည်ဟု သိရသည်။

အာဆတ်ဒူလာ သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံကူးလက်မှတ်ဖြင့် ဆော်ဒီအာရေဗျသို့သွားရောက်ရန် စစ်တကောင်း ရှား အေမာနတ်နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာစဉ် ၎င်းအား ဘင်္ဂလားဒေ့ရှ် လူဝင်မှုကြီးကြပ်ရေးရဲများက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ဖမ်းဆီးပြီးနောက် စနေနေ့ မနက်ပိုင်းတွင် ၎င်းအား အိုကီးယားမြို့နယ် ရဲစခန်းသို့ လွှဲပြောင်းပေးလိုက်သည်ဟု စစ်တကောင်းလေဆိပ် အထူးကြီးကြပ်ရေး ရဲအရာရှိ ရှာဟိန်းအာမက်ကပြောကြားခဲ့ကြောင်း  Dhaka Tribune တွင် သတင်းဖော်ပြသည်။

အာဆတ်ဒူလာသည် ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်ရှိ သန်ခါလီ ဒုက္ခသည်စခန်းတွင် နေထိုင်သူ ဖြစ်ကြောင်းဖြင့်လည်း သတင်းတွင် ဖော်ပြသည်။

ရဲအရာရှိ ရှာဟိန်းအာမက်က " ဖြစ်စဉ်အရ အာဆတ်ဒူလာ အမည်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ပြည်ပနိုင်ငံထွက်ခွါဖို့ ပြင်ဆင်နေချိန်မှာ ဖမ်းဆီးရမိပါတယ်။ သူ့ကို စစ်တကောင်းမြို့တော် ရဲတပ်ဖွဲ့ရဲ့ ထောက်လှမ်းရေးရဲထံကို နောက်တော့ လွှဲပြောင်းပေးလိုက်ပါတယ်"

" အာဆတ်ဒူလာဟာ ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျက်ဒါးကို ထွက်ခွါမယ့် လေယာဉ်လက်မှတ်ကို ကိုင်ဆောင်ထားပါတယ်။ သူဟာ အဲဒီနေ့ ည ၇:၃၀ နာရီ လေယာဉ်နဲ့ ထွက်ခွါဖို့ဖြစ်ပြီး လေယာဉ် မထွက်ခွါမီချိန်လေးမှာ ကျွန်တော်တို့ သူ့ကို ဖမ်းဆီးလိုက်တာပါ" ဟု ရဲအရာရှိ ရှာဟိန်း အာမက်က ဆက်လက် ပြောကြားခဲ့သည်။

စစ်တကောင်းမြို့တော် ထောက်လှမ်းရေးရဲ လက်ထောက် ရဲမှူးကြီး နီဟက် အက်ဒနန် တိုင်ယန်ကလည်း " အာဆတ်ဒူလာကို ပြည်ပခရီးသွားဖို့ ပြင်ဆင်နေတုန်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကူးလက်မှတ်နဲ့အတူ ဖမ်းဆီးမိခဲ့ပါတယ်။ အားလုံး စစ်ဆေးပြီးတဲ့နောက် သူ့ကို အိုကီးယား ရဲစခန်းကို စနေနေ့မှာ လွှဲပေးလိုက်ပါတယ်"ဟု ပြောသည်။

အိုးကီးယားမြို့နယ်သည် ကော့စ်ဘဇားခရိုင်တွင် တည်ရှိပြီး ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် နယ်စပ်ချင်းထိစပ်နေသည်မြို့နယ် ဖြစ်သည်။

 " သူ့ကို လူသတ်မှုနဲ့ ဇန်နဝါရီလ (၉)ရက်နေ့က အမှုဖွင့်ထားတာပါ။ အဲဒီအချိန်မှာ နိုင်ငံခြားထွက်ပြေးဖို့ သူ ကြိုးစားတာဖြစ်ပါတယ်။ သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကိုလည်း ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကူး လက်မှတ်ကို သူ ဘယ်လိုရရှိခဲ့တယ်ဆိုတာကိုလည်း စုံစမ်းစစ်ဆေးသွားဖို့ ရှိပါတယ် " ဟု ရဲမှူးကြီး နီဟက် အက်ဒနန် တိုင်ယန်ကလည်း ထပ်ဆင့်ပြောကြားခဲ့သည်။


NN-27

Ref: Dhaka Tribune

ဆက်စပ် သတင်းများ