သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ကမ္ဘောဒီးယား ပြည်တွင်းသတင်းမီဒီယာတစ်ခုအား ထုတ်ဝေခွင့်ပိတ်သိမ်းရန် ဟွန်ဆန်အမိန့်ပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 6.5k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၃/၂၀၂၃ (နိုင်ငံတကာ)

 

ကမ္ဘောဒီးယားအစိုးရ နှင့် မိမိ၏ ဂုဏ်သိက္ခာကို ထိခိုက်စော်ကား ရေးသားခဲ့သည်ဟုဆိုကာ လွတ်လပ်သော ကမ္ဘောဒီးယား ပြည်တွင်းသတင်းမီဒီယာ တစ်ခုအား သမ္မတဟွန်ဆန်က ပိတ်ပင်ပစ်ရန် အမိန့်ပေးလိုက်သည်ဟု သိရသည်။

 

VOD ဟု လူသိများသည့် The Voice of Democracy သတင်းဌာန၏ ထုတ်ဝေမှုနှင့် အသံလွှင့်မှု အားလုံးတနင်္လာနေ့ မနက် ၁၀ နာရီမှ အစပြုကာ ရပ်ဆိုင်းထားရန် အမိန့် ထုတ်ပြန်လိုက်သည်ဟု ဟွန်ဆန်၏ ဖေ့စ်ဘွခ်စာမျက်နှာတွင် ဖော်ပြထားည်။

 

ဖနွမ်းပင်ရဲများကို သူ၏အမိန့်အတိုင်း လိုက်နာရန် ၊ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်း မပြုရန်၊ ပြည်ပ အလှူရှင်များအနေနှင့် ကိုယ့်ပိုက်ဆံ ကိုယ်ယူပြီး ပြန်သွားရန်၊ ဝန်ထမ်းများက အခြားအလုပ် ပြောင်းရှာရန် ဟွန်ဆန်က သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားခဲ့သည်။

 

“ ဒီသတင်းဌာနက သတင်းကြေညာသူက ကျွန်တော် နဲ့ ကျွန်တော့်သားရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားခဲ့တယ်” ဟု ဟွန်ဆန်က ရေးသားခဲ့ပြီး ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီးဌာနအား VOD သတင်းဌာန၏ လိုင်စင်ကိုရုပ်သိမ်းရန် ညွှန်ကြားခဲ့သည်။ 

 

VOD သတင်းဌာနသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တူရကီငလျင်သို့ ကမ္ဘောဒီးယားက အကူအညီပေးသည့် သဘောတူလက်မှတ်ရေးထိုးပွဲ သတင်းကို ဖော်ပြခဲ့ရာ အစိုးရပြန်ကြားရေး ဝန်ကြီးဌာနမှ ဖေဆီဖန်၏ ပြောကြားချက်ကို ကိုးကားပြီး ဟွန်ဆန်၏ သားဟွန်မာနက်က ဘောတူ လက်မှတ်ရေးထိုးခဲ့သည်ဟု ရေးသားခဲ့သည်။ 

 

အမှန်စင်စစ် ဟွန်ဆန်က လက်မှတ်ရေးထိုးရမည်ဖြစ်သော်လည်း သူ၏နေရာကို ဆက်ခံရန် လျာထားပြီး လက်ရှိဒုတိယစစ်ဦးချုပ်ရာထူး အဆင့်သာ ရှိသေးသော သားဖြစ်သူ ဟွန်မာနက်က လက်မှတ် ရေးထိုးခြင်းမှာ လုပ်ပိုင်ခွင့်ကျော်လွန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သတင်းတွင်ဖော်ပြခဲ့သည်။ 

 

နိုင်ငံရေးပြိုင်ဘက်များကို စောင့်ကြည့်ပြီး ထောင်သွင်းအကျဉ်းချခြင်း၊ ပြည်ပြေးဖြစ်အောင်ပြုလုပ်ခြင်း၊ မိမိအားဝေဖန်သည့် မီဒီယာများကို ပိတ်ပင်ခြင်း၊ လူထုဆန္ဒပြမှုများကို ချေမှုန်းနှိမ်နင်းခြင်းများ ပြုလုပ်လေ့ရှိသည့် ကမ္ဘာ့သက်တမ်းအရှည်ဆုံး အာဏာရှင်ဟွန်ဆန်က သူ့အား လူသိရှင်ကြား တောင်းပန်ရန် တောင်းဆိုခဲ့သည်။

 

VOD ကို ထုတ်ဝေသည့်် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့်(Cambodia Center for Independent Media) ကဟွန်ဆန်အစိုးရ အဖွဲထံသို့ နားလည်မှု လွဲမှားဖော်ပြမိသည့် အတွက် ဝမ်းနည်းကြောင်းနှင့် အစိုးရပြောရေးဆိုခွင့်ရှိသူဖေဆီဖန်၏ ပြောကြားချက်ကို ကိုးကားရေးသားရခြင်းသာ ဖြစ်သည်ဟု စာရေးသားပေးပို့ခဲ့သော်လည်း ဟွန်ဆန်က တုံ့ပြန်မှုမှာ လက်ခံနိုင်စရာမရှိ ဟုဆိုသည်။ 

 

VOD သတင်းဌာနမှာ ကမ္ဘောဒီးယားတွင် ယခုမှ စတင် ပိတ်ပင်ခံရသော သတင်းဌာန မဟုတ်ပေ။ ၂၀၁၇ ခုနှစ်ကလည်း Cambodia Daily နေ့စဉ်သတင်းစာကို အခွန်တိမ်းရှောင်မှု အကြောင်းပြချက်ဖြင့် ပိတ်ပင်ခဲ့ဖူးသည်။

 

Cambodia Daily သတင်းစာမှာ သတင်းဦး သတင်းထူးများနှင့် လေးနက်သော သတင်း အကြောင်းအရာများ ဖော်ပြလေ့ရှိပြီး ၀၁၈ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီအချိန်လေးတွင် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ 

NN 27, ref: Reuters News 

ဆက်စပ် သတင်းများ