သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မြောက်ကိုးရီးယား တိုက်ချင်းပစ်ဒုံးကျည် ဂျပန်ရေပိုင်နက်ပေါ်ကျရောက်၊ ကိုးရီးယားကျွန်းဆွယ်စစ်ရေးတင်းမာမှုမြင့်တက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.7k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၉/၂၀၂၃ (နိုင်ငံတကာ)

 

တောင်ကိုးရီးယားနှင့် အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု မစတင်မီ ရက်ပိုင်းအလိုတွင် မြောက်ကိုးရီးယားက ပစ်လွှတ်လိုက်သော ဒုံးကျည်တစ်စင်းသည် ဂျပန်အထူးစီးပွားရေးဇုန် ရေပိုင်နက် အတွင်းသို့ စနေနေ့က ကျရောက်ခဲ့ကြောင်း ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားလိုက်သည်။

 

မြောက်ကိုးရီးယား၏ နျူးကလီးယားလက်နက်ဖြင့် တိုက်ခိုက်လာမည့် အန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ရန် တောင်ကိုးရီးယားနှင့် အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်ရန် ဆုံးဖြတ်ပြီး ရက်အနည်းငယ်အတွင်း မြောက်ကိုးရီးယားက ယခုကဲ့သို့ ဒုံးကျည်ပစ်ခတ်စမ်းသပ်လိုက်ခြင်း ဖြစ်သည်။

 

အဆိုပါ တောင်ကိုးရီးယားနှင့် အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုးရီးယားကပြင်းထန်စွာ ကန့်ကွက်ထားပြီး တုံ့ပြန်သွားမည်ဟု ဆိုထားသည်။

 

မြောက်ကိုးရီးယား၏ ယခု ပစ်ခတ်မှုမှာ ရက်သတ္တပတ်(၇)ပတ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်သည်။

 

ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူ ဟီရိုကာဇူ မတ်ဆူနိုက မြောက်ကိုးရီးယားက ပစ်ခတ်လိုက်သော ဒုံးကျည်မှာ တိုက်ချင်းပစ်ဒုံးကျည် ( ICBM) အမျိုးအစားဖြစ်ပြီး ဂျပန်ရေပိုင်နက်ထဲ မကျရောက်မီ ၆၆ မိနစ် ပျံသန်းခဲ့သည်ဟု ဆိုသည်။

 

ဂျပန်ကာကွယ်ရေးဝန်ကြီး ရာစုကာဇူ ဟာမာဒါက ယခု ဒုံးကျည်သည် ကီလိုမီတာ ၁၄၀၀၀ အထိ ပစ်ခတ်နိုင်စွမ်းရှိသည့်အတွက် အမေရိကန်ပြည်ထောင်စု၏ မည်သည့်နေရာကိုမဆို ရောက်ရှိအောင် ပစ်ခတ်နိုင်သည်ဟု ဆိုသည်။

 

တောင်ကိုးရီးယားစစ်ဘက်အရာရှိများက တိုက်ချင်းပစ် ဒုံးကျည်ပစ်လွှတ်မှုကို ထောက်လှမ်း သိရှိခဲ့ကြောင်း၊ အိမ်နီးချင်းနိုင်ငံများပေါ်က ဖြတ်ကျော်ပျံသန်းမှုပုံစံမျိုး မဟုတ်တော့ဘဲ ပစ်မှတ်ဆီသို့ လေးကိုင်းသဏ္ဍာန် ရောက်ရှိစေသည့် နည်းပညာကို အသုံးပြုထားကြောင်း၊ ကီလိုမီတာ ၉၀၀ အထိ ပျံသန်းခဲ့ကြောင်း၊ အသေးစိတ်အချက်အလက်များကို တောင်ကိုးရီယား-အမေရိကန် ထောက်လှမ်းရေး တာဝန်ရှိသူများ ဆက်လက်စစ်ဆေးနေကြောင်း ပြောကြားသည်။

 

 ဒုံးကျည်ဖြတ်ကျော်ပျံသန်းချိန် တစ်နာရီကျော်မှာ ပြီးခဲ့သည့် နိုဝင်ဘာလက စမ်းသပ်ပစ်လွှတ်ခဲ့သော Hwasong-17 တိုက်ချင်းပစ် ဒုံးပျံနှင့် အတူတူပင်ဖြစ်သည်ဟု ဆိုးလ်အခြေစိုက် NK news ကဖော်ပြသည်။

 

" ဒါဟာ မြောက်ကိုးရီးယားရဲ့ တာဝေးပစ် ဒုံးကျည်စွမ်းဆောင်ရည် မြှင့်တင်ဖို့ နောက်ထပ် ခြေလှမ်းတစ်ခုပါ။ သူတို့ ပေးချင်တဲ့ သတင်းစကားက ရှင်းရှင်းလေးပါ။ ငါတို့ မြောက်ကိုးရီးယားက နျူးကလီးယားလက်နက်သယ်ဆောင်နိုင်တဲ့ တာဝေးပစ် ဒုံးကျည်တွေ တစ်နေ့တခြားပိုကောင်းလာနေပြီ ဆိုတာပါ" ဟု အငြိမ်းစား တောင်ကိုးရီးယား ဗိုလ်ချုပ် ချန်အင်ဘမ်းက ပြောကြားခဲ့သည်။

 

 " ဒီဒုံးပျံက Hwasong-17 ဒုံးကျည်ကို ဒုတိယမြောက် စမ်းသပ်တာဖြစ်ပြီး လောင်စာခဲ (solid-fuel ICBM) စွမ်းအင်သုံး တိုက်ချင်းပစ်ဒုံးကျည်အမျိုးအစားဖြစ်တယ်" ဟု ၎င်းက ဆက်ပြောသည်။

 

မြောက်ကိုးရီးယားက ၎င်းတို့၏ နျူးကလီးယားလက်နက်နိုင်ငံ ဖြစ်ရေး ရည်မှန်းချက်ကို နောက်ကို နောက်မဆုတ်နိုင်ဟု ကြေညာပြီး တစ်နှစ်အတွင်း လစဉ်လိုလို ဒုံးကျည် ပစ်ခတ်စမ်းသပ်ပြုလုပ်ချိန်မှ စ၍ ကိုးရီးယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာမှုများ မြင့်တက်လာနေခဲ့သည်။ အခြေအနေကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုးရီးယားက အမေရိကန်နှင့် ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်ရန် စီစဉ်နေသည်။

 

ထိုသို့ စစ်ရေးလေ့ကျင့်ရန် စီစဉ်နေခြင်းကို မြောက်ကိုးရီးယားက တောင်ကိုးရီးယားစစ်ပြင်နေခြင်း ဖြစ်သည်ဟု ပြောဆိုပြီး တစ်မူထူးခြားစွာ လက်တုံ့ပြန်သွားမည်ဟု ဆိုနေသည်။

 

NN-27

Ref  and photo Bangkok Post

ဆက်စပ် သတင်းများ