သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

လျှို့ဝှက်ဆန်းကြယ်သော ဧရာမ သတ္တုလုံးကြီးတစ်လုံးဂျပန်ကမ်းခြေတွင် တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 9.7k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၃/၂၀၂၃ (နိုင်ငံတကာ)

 

ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က ဂျပန်နိုင်ငံ ဟာမာမတ်ဆု ကမ်းခြေတွင် လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်ကြီးမားသည့် သတ္တုလုံးကြီးတစ်လုံးကို တွေ့ရှိခဲ့ကြသဖြင့် ဒေသခံများနှင့် အာဏာပိုင်များ အကြားထင်မြင်ချက်မျိုးစုံ ပေးနေကြကြောင်း သိရသည်။

အချင်း ၅ပေခန့်ရှိသည့် ဧရာမ သတ္တုလုံးကြီးကို ဟွန်ရှူးကျွန်း၊ ဟာမာမတ်ဆုမြို့အနီး ပင်လယ်ကမ်းခြေတွင် ဒေသခံတစ်ဦးက တွေ့ရှိခဲ့ပြီးနောက် ရဲများကို အသိပေး အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ 

 

ဒေသအာဏာပိုင်များ ထိုနေရာသို့ ရောက်ရှိလာပြီးနောက် ဗုံးရှာဖွေရေး တပ်ဖွဲ့အားခေါ်ယူခဲ့ပြီး ထူးဆန်းသော သတ္တုလုံးကြီးကို စစ်ဆေးခဲ့ကြသည်။ 

 

ဂျပန် NHK သတင်းဌာနက ရိုက်ကူးပြသသော သတင်းတွင် တာဝန်ရှိသူများ ပင်လယ်ကမ်းစပ်သို့ ရောက်ရှိလာပြီး သံချေးတက်နေသော သတ္တုလုံးကြီးကို စစ်ဆေးနေပုံများ ပြသထားသည်ကို မြင်တွေ့ရသည်။ 

 

ဂျပန် တာဝန်ရှိသူများက အဆိုပါ တ္တုလုံးအနီး မဝင်ရောက်ရန် အတားအဆီးပြုလုပ်ပြီးနောက် အိတ်ဇ်ရေးစစ်ဆေးမှုပြုလုပ်ခဲ့သည်။ တာဝန်ရှိသူများ ပြောဆိုချက်အရ ဧရာမသတ္တုလုံးကြီးမှာ ဗုံးမဟုတ်သည့်အတွက် ထိတ်လန့်ရန်မလိုကြောင်း သိရသည်။

 

သို့သော် အဆိုပါ ဧရာမ သတ္တုအလုံးကြီး မူလနေရာနှင့် ထိုနေရာသို့ ဘယ်သို့ ဘယ်ပုံ ရောက်ရှိ လာသည်ကို မည်သူမျှ မသိရှိဟု ဆိုသည်။ 

 

သတ္တုလုံးကြီး ဓါတ်ပုံကို ဂျပန်ကာကွယ်ရေးတပ်နှင့် ကမ်းခြေစောင့်တပ်များသို့ ပေးပို့ပြီး ဆက်လက် စစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရသည်။ 

 

ကမ်းခြေတွင် ပုံမှန်အပြေးလေ့ကျင့်နေသူ ဂျပန်တစ်ဦးက အဆိုပါ အလုံးကြီးကို ကမ်းစပ်တွင် သူတွေ့နေသည်မှာ တစ်လခန့်ပင် ရှိပြီဖြစ်ကြောင်းနှင့် သွားရောက်တွန်းကြည့်ရာ မရွေ့ဟု ဆိုသည်။ 

 

ဟာမာမတ်ဆု ဒေသခံများအကြား အဆိုပါ ဧရာမ သတ္တုအလုံးကြီးကို " ဂေါ်ဇီလာဥ" "ရေကြောင်းအချက်ပြဗော်ယာ" " အာကာသမှ ကျလာသောအရာ" စသည်ဖြင့် အမျိုးမျိုး မှတ်ချက်ပေး ပြောဆိုနေကြသည်။ တချို့က နာမည်ကျော် ဂျပန်ရုပ်ပြကာတွန်းစီးရီး Dragon Ball တွင် ပါဝင်သည့် အာကာသမှ ကျလာသည့်အမည်မသိအရာ ဟု ဆိုကြသည်။ 

 

ထူးဆန်းသည့် ဧရာမ သတ္တုလုံးကြီး တွေ့ရှိချိန်မှာ သံသယဖြစ်ဖွယ် တရုတ်မိုးပျံဘောလုံးများ ဂျပန်ကောင်းကင်တွင် တွေ့ရှိခဲ့သည်ဆိုသော သတင်များ ထွက်ပေါ်ချိန်နှင့် တိုက်ဆိုင်နေသဖြင့် ဂျပန်လူမှုကွန်ယက်များပေါ်တွင် ဝေဖန်ရေးသားမှုများလည်း ထွက်ပေါ်ခဲ့သည်။ 

 

NN-27

Ref: The Strait Times

ဆက်စပ် သတင်းများ