သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ယူကရိန်းစစ်ပွဲတစ်နှစ်တိတိပြည့်မြောက်ချိန် ယူကရိန်းမှရုရှားစစ်တပ်များခြွင်းချက်မရှိအမြန်ရုပ်သိမ်းပေးရန်ကုလသမဂ္ဂကတောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 10.2k

နိရဉ္စရာ၊ ဖေဖော်ဝါရီ၂၄/၂၀၂၃ (နိုင်ငံတကာ)

ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် ရုရှားတပ်များ ယူကရိန်းနိုင်ငံထဲသို့ စတင် ကျူးကျော်ဝင်ရောက်ခဲ့သည်မှာ တစ်နှစ်တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ 

 

ယူကရိန်းစစ်ပွဲ တစ်နှစ်ပြည့်မြောက်ချိန် ဖေဖော်ဝါရီ(၂၃)ရက်နေ့က ပြုလုပ်သော ကုလသမဂ္ဂအထူးညီလာခံတွင် ရုရှားစစ်တပ်များ ယူကရိန်းနိုင်ငံထဲမှ ခြွင်းချက်မရှိ အမြန်ရုပ်သိမ်းပေးရန် တောင်းဆိုလိုက်သည်။ 

 

ရုရှား၏ ယူကရိန်းကျူးကျော်မှု နှင့်ပတ်သက်၍ နှစ်ရက်ကြာ ဆွေးနွေးကြပြီးနောက် နိုင်ငံပေါင်း (၁၉)နိုင်ငံအနက် (၁၄၁)နိုင်ငံက ထောက်ခံမဲပေးပြီး()နိုင်ငံက ကန့်ကွက်ကာ (၃၂)နိုင်ငံက ကြားနေ မဲပေးခဲ့ကြသည်။ကြားနေမဲပေးသည့် နိုင်ငံများတွင် အိန္ဒိယ နှင့် တရုတ် နိုင်ငံတို့ ပါဝင်သည်။ 

 

တစ်နှစ်ကြာ စစ်ပွဲကာလအတွင်း ယူကရိန်းအရေးနှင့်ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံများ ရပ်တည်ချက်မှာ အပြောင်းအလဲ မရှိဟု ဆိုရမည်။ ပြီးခဲ့သည့် အောက်တိုဘာလက ယူကရိန်း နယ်မြေလေးခုကို ရုရှားက ၎င်းတို့၏ အချုပ်အခြာနယ်မြေအောက် သွပ်သွင်းခဲ့ရာတွင် ကုလသမဂ္ဂ နိုင်ငံပေါင်း (၁၄၃)နိုင်ငံက သဘောမတူကန့်ကွက်ခဲ့ကြသည်။ 

 

ကုလသမဂ္ဂ ဆုံးဖြတ်ချက်အရ ယူကရိန်းနိုင်ငံ အချုပ်အခြာအာဏာပိုင်စိုးမှုနှင့် နယ်မြေတည်တံ့မှုကို ကုလသမဂ္ဂက အသိအမှတ်ပြုပြီး ရုရှားနိုင်ငံက ယူကရိန်းနယ်မြေများ သိမ်းပိုက်ထားမှုကို လက်မခံဘဲ ပယ်ချခဲ့သည်။ 

 

ရုရှားနိုင်ငံအနေဖြင့် သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေများမှ ၎င်း၏ တပ်များကို ခြွင်းချက်မရှိ ရုပ်သိမ်းပေးရန်နှင့် ထိခိုက်သေဆုံးမှုများ ထပ်မံမဖြစ်ပွားအောင် ရှောင်ရှားပေးရန် တောင်းဆိုမှုတွင် ဖော်ပြထားသည်။ 

 

ယခုဆုံးဖြတ်ချက်အရ ၁၂လကြာ စစ်ပွဲကာလအတွင်း လက်တစ်ဆုပ်စာ ထောက်ခံသူများနှင့်အတူ ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ရုရှားသည် ဆက်လက်အထီးကျန်နေဆဲဖြစ်သည်ကို တွေ့ရသည်။ 

 

ထောက်ခံသူ အနည်းငယ်သာ ရှိသော်လည်း ရုရှားသည် ကုလလုံခြုံရေးကောင်စီတွင် ဗီတိုအာဏာသုံး၍ ဆုံးဖြတ်ချက်မှန်သမျှကို ကန့်ကွက်နေခဲ့သည်။ 


အခု ရုရှားတွေ ဆင်နွှဲနေတဲ့ စ်ပွဲဟာ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါဟာ နိုင်ငံတစ်နိုင်ငံရဲ့ တည်ရှိမှုကို ခြိမ်းခြောက်တာဖြစ်ပြီး ချုပ်ကိုင်လွှမ်းမိုးလိုတဲ့ နယ်ချဲ့အစီအမံတစ်ခုဖြစ်တယ်" ဟု ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ကက်သရင်း ကိုလွန်နာ က ပြောကြားခဲ့သည်။ 

 

ရုရှားတို့က ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပြီး ၎င်း ကုလကိုယ်စားလှယ် ဗက်စလီ နီဘင်ဇရာကယူကရိန်းသည် (neo-Nazi) နာဇီလိုလားသူများ ဖြစ်ပြီး အနောက်အုပ်စု နိုင်ငံများက ယူကရိန်းကို အသုံးချကာရုရှားကို ချေမှုန်းရန် ကြိုးပမ်းနေကြသည်ဟု စွပ်စွဲခဲ့သည်။ 

 

သူတို့ဟာ သူတို့ရဲ့ လိုလားချက်တွေအတွက် ကမ္ဘာကြီးတစ်ခုလုံးကို စစ်ပွဲဆိုတဲ့ ချောက်ထဲ တွန်းချဖို့ အသင့်အနေအထားမှာ ရှိနေတယ်ဟု နီဘင်ဇရာက ပြောဆိုခဲ့သည်။ 

 

ယခုဆုံးဖြတ်ချက်တွင် အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့က မဲမပေးဘဲ ကြားနေခဲ့ကြသည်။ နှစ်နိုင်ငံစလုံးက ရုရှား၏ နျူးကလီးယားလက်နက် ချထားမည့်ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ခဲ့ကြသော်လည်း ယူကရိန်းကျူးကျော်မှု အပေါ် တစ်စုံတရာ မှတ်ချက်ပေး ကန့်ကွက်ခြင်းမပြုလုပ်ခဲ့ကြပေ။ 

 

ကုလသမဂ္ဂဆိုင်ရာ တရုတ်လက်ထောက် ကိုယ်စားလှယ် ဒိုင်ဘင်းက ယူကရိန်း နှင့် ရုရှားတို့ တိုက်ပွဲများရပ်တန့်ပြီး ငြိမ်းချမ်းရေးစကားပြောကြရန် တိုက်တွန်းခဲ့သည် 

 

ကျွန်တော်တို့အနေနဲ့ကတော့ ရုရှားရော ယူကရိန်းပါ ရှေ့ကို တိုးလာပြီး ဖြစ်နိုင်သမျှ မြန်မြန် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးစေချင်တယ်။ စားပွဲဝိုင်းပေါ်မှာမိမိတို့အချုပ်အခြာနယ်မြေကိစ္စ ညှိနှိုင်းပြီး အဖြေရှာစေချင်တယ်ဟု ဒိုင်ဘင်းက ပြောဆိုခဲ့သည်။ 

sources: AFP 

ဆက်စပ် သတင်းများ