သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အီတလီတောင်ပိုင်းတွင် ရွှေ့ပြောင်းဒုက္ခသည်တင် လှေတစ်စီး ကျောက်ဆောင်နှင့်တိုက်မိပြီး နစ်မြုပ်၊ကလေး(၁၂)ဦးအပါအဝင် လူ (၅၉)ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.2k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၇/၂၀၂၃ (နိုင်ငံတကာ)

 

အီတလီနိုင်ငံတောင်ပိုင်း ကမ်းခြေအနီးတွင် ဥရောပသို့ ခိုးဝင်ရန် ကြိုးစားသည့် ရွှေ့ပြောင်း ဒုက္ခသည်များ တင်ဆောင်လာသည့် သစ်သားလှေတစီး တနင်္ဂနွေနေ့က ကျောက်ဆောင်နှင့်တိုက်မိပြီး နစ်မြုပ်သွားခဲ့ရာ ကလေးငယ် ၁၂ဦးအပါအဝင် လှေပေါ်လိုက်ပါလာသူ(၅၉)ဦး အသက်ဆုံးရှုံးသွားကြောင်း အီတလီအာဏာပိုင်များက ပြောကြားသည်။

 

 တူရကီကမ်းခြေမှ စတင်ထွက်ခွါလာသော အဆိုပါလှေပေါ်တွင် အာဖဂန်နစ္စတန်၊ အီရန် နှင့် အခြားနိုင်ငံများမှ ရွှေ့ပြောင်းခိုလှုံသူများ လိုက်ပါလာပြီး တနင်္ဂနွေ့မနက်အာရုဏ်တက်ချိန်တွင် အီတလီအရှေ့ဘက် ကာလာဘရီယား ကမ်းခြေအနီးအရောက်တွင် နစ်မြုပ်သွားခြင်းဖြစ်သည်။

 

 ယခုဖြစ်ရပ်ကြောင့် ဥရောပ နှင့် အီတလီနိုင်ငံ၏ ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာ မူဝါဒအပေါ် ငြင်းခုန်မေးခွန်း ထုတ်မှုများ ထပ်မံပေါ်ပေါက်လာခဲ့သည်။ အီတလီ လင်္ကျာစွန်းအစိုးရသည် ရွှေ့ပြောင်းဒုက္ခသည် ကယ်ဆယ်ရေး ရန်ပုံငွေအဖွဲ့များအပေါ် တင်းကြပ်သည့်ဥပဒေ မကြာမီက ထုတ်ပြန်ထားသည်။

 

 နစ်မြုပ်သွားသော လှေမှ လူပေါင်း(၈၁)ဦးကို အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ပြီး ၄င်းတို့အနက် ၂၀ ဦးကို ဆေးရုံတင်ထားရသည်ဟု ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

 အခင်းဖြစ်ပွါးသော နေရာသို့ ရောက်ရှိသွားသော အီတလီပြည်ထဲရေးဝန်ကြီး မတ်တီယို ပီယန်တီဒိုစီ က လူပေါင်း၂၃-၃၀ ခန့်ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ပြောကြားခဲ့ပြီး အသက်ရှင်ကျန်သူများ၏ ပြောကြားချက်အရ လှေပေါ်တွင် လူပေါင်း ၁၅၀-၂၀၀ နီးပါး လိုက်ပါလာခဲ့သည်ဟု ဆို၏။

 

 အဆိုပါလှေသည် တူရကီအနောက်ပိုင်း အစ်ဇမီယာ ဆိပ်ကမ်းမှ လွန်ခဲ့သည့် လေးရက်က ထွက်ခွါလာခဲ့ပြီး စနေနေ့မွန်းလွဲပိုင်းတွင် ကမ်းခြေမှ ၇၄ ကီလိုမီတာအကွာ၌ ဥရောပကင်းထောက်လေယာဉ်က နောက်ဆုံး တွေ့ရှိခဲ့သည်ဆို၏။

 

 ကင်းလှည့်ရေယာဉ်များ ထိုနေရာသို့ သွားရောက်ရန်ကြိုးစားခဲ့ကြသော်လည်း ရာသီဥတု ဆိုးရွားနေသဖြင့် သွားရောက်နိုင်ခြင်းမရှိခဲ့ဟု ဆိုသည်။

 

ANSA သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ ကမ်းခြေသို့ လာရောက်သောင်တင်သော ဒုက္ခသည်များတွင် မီးဖွားပြီးစ ရက်သားအရွယ် ကလေးငယ်တစ်ဦးပင်ပါဝင်သည်ဟု သိရသည်။

 

 အီတလီ ဝန်ကြီးချုပ် မယ်လိုနီက သေဆုံးသွားသူများအတွက် အထူးဝမ်းနည်းကြောင်း နှင့် မိမိတို့ကိုယ်ကျိုးကို သာကြည့်ပြီး မျှော်လင့်ချက်အမှားများပေးကာ ဥရောပသို့ လူမှောင်ခိုပြုလုပ်ကြသူများကို ပြစ်တင်ဝေဖန်သွားခဲ့သည်။

 

 ပုံစာ- အသက်ရှင်ကျန်ရစ်သော ရွှေ့ပြောင်းဒုက္ခသည်များကို စောင်များခြုံလျှက် အီတလီတောင်ပိုင်း ကျူထရိုကမ်းခြေတွင် တွေ့မြင်ရစဉ်။

ဆက်စပ် သတင်းများ