သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မြစ်ကြောင်းပြောင်းလဲမှုကြောင့် မဲခေါင်မြစ်ထဲ ပြုတ်ကျပျောက်ကွယ်နေသော နှစ်ပေါင်း (၇၀၀)ခန့်က ရှေးဟောင်းစေတီ ရေပေါ်ပြန်ပေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 2.9k

နိရဉ္စရာ၊ မတ် ၁၃/၂၀၂၃ (နိုင်ငံတကာ)

 

ထိုင်းနိုင်ငံမြောက်ပိုင်း၊ နောင်ခိုင်ပြည်နယ် မဲခေါင်မြစ်အတွင်း ရှေးဟောင်း ဗုဒ္ဓစေတီတစ်ဆူ ရုတ်တရက် ပေါ်ထွက်လာရာ လာရောက်ကြည့်ရှု ဖူးမျှော်ကြသူများနှင့် ကမ္ဘာလှည့်ခရီးသည်များဖြင့် စည်ကားလျှက်ရှိသည်ဟု သိရသည်။

 

လွန်ခဲ့သည့် နှစ်ပေါင်း (၇၀၀)ခန့်က မဲခေါင်မြစ်ကမ်းပေါ်တွင် တည်ထားခဲ့သော ဘုရားသက် ခလန်နမ်စေတီသည် ၁၈၄၇ခုနှစ်တွင် မြစ်ကြောင်း ပြောင်းလဲမှုကြောင့် ရေထဲသို့ ပြုတ်ကျကာ နှစ်ပေါင်းများစွာ မဲခေါင်မြစ်အတွင်း နစ်မြုပ်နေခဲ့သည်။

 

မကြာမီရက်များအတွင်းက မဲခေါင်မြစ်ရေ ခမ်းခြောက်လာရာမှ စေတီ၏အပေါ်ပိုင်း ရုတ်တရက် ထွက်ပေါ်လာခဲ့ရာ လာရောက်ဖူးမျှော်သူများ၊ ကမ္ဘာလှည့်ခရီးသည်များနှင့် တနင်္ဂနွေနေ့က စည်ကားသွားခဲ့သည်။

 

ဘုရားသက် ဖနွမ် ဘုရားသမိုင်းအရ ယခုပေါ်ထွက်လာသော ခလန်နမ်စေတီမှာ မြတ်စွာဘုရား၏ ခြေတော်ရိုး ကိုးခုကို ဌာပနာ၍ တည်ထားသည်ဟု ဆိုသည်။

 

ကမ္ဘာလှည့်ခရီးသည်များက မြစ်ကမ်းမှ ကြည့်ရှုကြပြီး ဘုရားဖူးအချို့က လှေများဖြင့် အနီးကပ် သွားရောက်ကာ ဖူးမျှော်ကြသည်။

 

နှစ်ပေါင်းများစွာ ရေတိုက်စားထားမှုကြောင့် စေတီ၏ အောက်ခံကျောက်သားများ ပျက်စီးယိုယွင်းလျှက်ရှိသည်။

 

ယခုနှစ် မိုးခေါင်မှုကြောင့် မဲခေါင်မြစ်ရေ တစ်စတစ်စ ခမ်းခြောက်လာနေပြီး အချို့နေရာများတွင် (၃)ပေခန့်သာ နက်တော့သည်ဟု ရေအရင်းမြစ်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မြစ်လယ်တွင် တစ်ပိုင်းတစ်စ ပေါ်ထွက်နေသော စေတီအနီးသို့ သွားရောက်ကြသည့် လှေများအား ဂရုတစိုက်သွားလာကြရန် သက်ဆိုင်ရာက သတိပေးနှိုးဆော်ထားသည်။

 

 မဲခေါင်မြစ်အတွင်း ပေါ်တော်မူစေတီ တွေ့ရှိသည့်သတင်းကြောင့် ယခုတစ်ပတ်အတွင်း နောင်ခိုင်သို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များဖြင့် စည်ကားလျှက်ရှိသည်ဟု သိရသည်။

NN-27

 ref: the Nation

ဆက်စပ် သတင်းများ