သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

နျူကလီးယားလက်နက်များ ဘီလာရုစ်တွင် ချထားတော့မည်ဟု ပူတင်ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 9.2k

နိရဉ္စရာ၊ မတ် ၂၆/၂၀၂၃ (နိုင်ငံတကာ)

 

ရုရှားသမ္မတပူတင်က အိမ်နီးချင်း ဘီလာရုစ်နိုင်ငံတွင် နျူကလီးယားလက်နက်များ ချထားတော့မည်ဟု မတ်လ(၂၅)ရက်နေ့က ထုတ်ဖော်ပြောကြားလိုက်သည်။

 

ယခုကဲသို့ ရုရှနိုင်ငံပြင်ပတွင် နျူကလီးယားလက်နက်စခန်း ထားရှိခြင်းမှာ ၁၉၉၀ပြည့်လွန်နှစ်များ နောက်ပိုင်း ပထမဦးဆုံးအကြိမ်ဖြစ်သည်။

 

အနောက်အုပ်စု နိုင်ငံများနှင့် ရုရှားတို့အကြား ယူကရိန်းစစ်ပွဲကိုအကြောင်းပြု၍ တင်းမာမှု မြင့်တက်နေချိန်တွင် ပူတင်က ယခုကဲသို့ ကြေညာလိုက်ရာ နျူကလီးယား တိုက်ခိုက်မှုများ ဖြစ်လာနိုင်သည်ဟု သုံးသပ်မှုများ ရှိနေသည်။

 

ပူတင်၏ ကြေညာချက်ကို နျူကလီးယားအင်အားကြီးနိုင်ငံတစ်ခုဖြစ်သော အမေရိကန်က သတိကြီးစွာ တုန့်ပြန်လိုက်ပြီး ရုရှားနှင့် ဘီလာရုစ်အကြား ယခုသဘောတူညီမှုကို ပြီးခဲ့သည့်နှစ်ကတည်းက ဆွေးနွေးခဲ့ကြပြီး နျူကလီးယားလက်နက် အမှန်တကယ်အသုံးပြုရန် ရုရှားဘက်က အစီအစဉ် မရှိသေးဟု အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက ပြောသည်။

 

တိုက်ခိုက်ရေး နည်းစနစ်သုံး နျူကလီးယားလက်နက် ( Tactical nuclear weapons ) ဆိုသည်မှာ မြို့ကြီးတစ်မြို့လုံးကို ချေမှုန်းပစ်နိုင်သည့် နျူးကလီးယားလက်နက်မျိုးမဟုတ်ဘဲ စစ်မြေပြင်တွင် နယ်မြေတစ်ခုကို အသာစီးရနိုင်ရန် အသုံးပြုသောလက်နက်မျိုးဖြစ်သည်။

 

အဆိုပါလက်နက်အမျိုးအစား ရုရှားတွင် မည်မျှရှိထားသည်ကို မသိရှိရပေ။

 

ရုရှားက ပထမဦးဆုံးအကြိမ် နိုင်ငံပြင်ပတွင် ၄င်း၏ နျူကလီးယားလက်နက် ချထားမည့်အစီအစဉ်မှာ ထူးခြားသည်ဟု ကျွမ်းကျင်သူများက ရိုက်တာကို ပြောကြားသည်။

 

နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ပူတင်က မိန့်ခွန်းပြောကြားခဲ့ရာတွင် ဘီလာရုစ်က နျူကလီးယား လက်နက်များလာရောက်ချထားရန် တောင်းဆိုနေသည်မှာ ကြာပြီဟုဆိုသည်။

 

သိပ်တော့မဆန်းပါဘူး။ အမေရိကန်ဟာ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေမှာ ခုလို နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ထားတာ ဆယ်စုနှစ်တွေ ကြာခဲ့ပါပြီဟု ပူတင်က သူ၏ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

 

ပုံစာ-ပူတင်နှင့် ဘီလာရုစ်သမ္မတ လူကာရှန်ကို

NN-27

ref:CNA

ဆက်စပ် သတင်းများ