- Web Master
- ၀၈ ဧပြီ ၂၀၂၄
အမေရိကန်
စီးပွားရေးလုပ်ငန်းရှင်၊ တက်စ်လာကုမ္ပဏီ စီအီးအို အီလွန်မတ်စ် သည် မေလ(၃၀)ရက်နေ့က တရုတ်နိုင်ငံ၊ ဘေဂျင်းသို့ ရောက်ရှိခဲ့ပြီး နောက်တစ်နေ့တွင် တရုတ် စက်မှုဝန်ကြီးနှင့် တွေ့ဆုံကာ
စွမ်းအင်သစ် အသုံးပြု မော်တော်ယာဉ်
ထုတ်လုပ်ရေးနှင့် တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန်
ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။
ဒေါ်လာဘီလျံချီ
ကြွယ်ဝသော ကမ္ဘာ့အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ်သည်
သုံးနှစ်အတွင်း ပထမဦးဆုံးအကြိမ် တရုတ်နိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။
အီလွန်မတ်စ်သည် ဗုဒ္ဓဟူးနေ့တွင် တရုတ်စက်မှုဝန်ကြီး ချင်ကျောက်လုန်နှင့် တွေ့ဆုံကာ " စွမ်းအင်သစ် မော်တော်ယာဉ်များ နှင့် ဉာဏ်ရည်တပ် မော်တော်ယာဉ်များ " ထုတ်လုပ်ရေး ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးဘဲ ခရီးစဉ်နှင့်ပတ်သက်၍ အေအက်ဖ်ပီ၏ မေးမြန်းချက်ကို တက်စ်လာ၏ ကိုယ်စားလှယ်များက ဖြေကြားခြင်းမပြုခဲ့ပေ။
အီလွန်မတ်စ် က တရုတ်နိုင်ငံတွင် စီးပွားရေးတိုးချဲ့လုပ်ကိုင်ရန် စိတ်ဝင်စားနေကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်းက ပြောကြားခဲ့သည်။
တရုတ်မီဒီယာများက တက်စ်လာ စီအီးအို အား ကုမ္ပဏီက တခမ်းတနားကြိုဆိုဧည့်ခံပုံကို ရေးသားဖော်ပြကြသည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး လျှပ်စစ်မော်တော်ယာဉ် ဈေးကွက် ပိုင်ဆိုင်ထားပြီး တက်စ်လာကုမ္ပဏီက ရှန်ဟိုင်းတွင် ဒုတိယမြောက် လျှပ်စစ်မော်တော်ကားစက်ရုံတစ်ခု ထပ်မံတည်ဆောက်မည်ဟု ပြီးခဲ့သည့် ဧပြီလက ကြေညာခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး နှင့် အီလွန်မတ်စ် တို့ အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးခဲ့ရာတွင် အီလွန်မတ်စ်က ၎င်း အနေနှင့် တရုတ်နှင့် အမေရိကန်ကြား တစ်သီးတခြားစီးပွားရေး ( decoupling) လုပ်ကိုင်ခြင်းကို မနှစ်မြို့ဟု ပြောဆိုခဲ့သည်။
" အမေရိကန် နဲ့ တရုတ်တို့ရဲ့အကျိုးစီးပွားတွေဟာ အမြွှာကလေးတွေလိုပဲ ခွဲခြားလို့မရဘူး။ တစ်ခုနဲ့တစ်ခု ဆက်စပ်နေကြတယ်" ဟု အီလွန်မတ်စ်က ပြောကြားခဲ့သည်။
ယခုကဲ့သို့ အီလွန်မတ်စ်၏ တရုတ်နိုင်ငံတွင် လုပ်ငန်းတိုးချဲ့နေမှုအပေါ် အမေရိကန်အစိုးရက စိုးရိမ်မကင်းဖြစ်နေပြီး နိုဝင်ဘာလက သမ္မတ ဂျိုးဘိုင်ဒင်သည် အီလွန်မတ်စ်၏ တရုတ်စီးပွားရေးလုပ်ငန်းဆက်နွှယ်မှုများကို စိစစ်ရန်လိုနေပြီဟု ပြောကြားခဲ့သည်။
အလားတူ အီလွန်မတ်စ်သည်" ထိုင်ဝမ်ကျွန်းသည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်သင့်သည်" ဟု ပြောကြားခဲ့ဖူးရာ တရုတ်အစိုးရက ကြိုဆိုပြီး ထိုင်ဝမ်က ဒေါသထွက်ခဲ့ရသည့် အငြင်းပွားမှုကို ဖြစ်စေခဲ့ဖူးသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မော်နင်း က အီလွန်မတ်စ်၏ လာရောက်လည်ပတ်မှုကို ကြိုဆိုခဲ့ပြီး တရုတ်နိုင်ငံအား ပိုမိုနားလည်လာစေပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။
NN-27
Ref:AFP/CNA