- Web Master
- ၀၈ ဧပြီ ၂၀၂၄
ကိုလံဘီယာတောနက်အတွင်း လေယာဉ်ပျက်ကျပြီးနောက် ပျောက်ဆုံးနေသည့် ကလေးငယ် လေးဦးကို လေယာဉ်ပျက်ကျပြီး ရက်ပေါင်း ၄၀ အကြာ၊ဇွန်လ(၉)ရက်နေ့က ကိုလံဘီယာ တောတွင်းတစ်နေရာတွင် အသက်ရှင်လျှက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီဟု ကိုလံဘီယာသမ္မတ ဂက်စ်တာဗို ပီထရိုက ပြောကြားလိုက်သည်။
ပျောက်ဆုံးနေသည့် ကလေးငယ် လေးဦးကို ကိုလံဘီယာ စစ်တပ်က ကာကွေတာ နှင့် ဂွါဗေးယား ပြည်နယ်နှစ်ခုအကြား လေယာဉ်ပျက်ကျရာနေရာအနီးရှိ တောနက်ထဲတွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလ(၁)ရက်နေ့က ကိုလံဘီယာနိုင်ငံ၊ အမေဇိုးနားပြည်နယ် အာရာရာကွာရာမြို့မှ ဂွါဗေးရားပြည်နယ် ဆန်ဂျို့စ်မြို့သို့ ခရီးသည်(၇)ဦး လိုက်ပါပျံသန်းလာသည့် Cessna 206 အမျိုးအစား အပေါ့စားလေယာဉ်ငယ်သည် အင်ဂျင်ချို့ယွင်းမှုဖြစ်ကြောင်း အရေးပေါ်အချက်ပေးပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။
အဆိုပါလေယာဉ်အား ကိုလံဘီယာတောနက်အတွင်း ပျက်ကျနေသည်ကို ရှာဖွေတွေ့ရှိခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါလာသည့် လေယာဉ်မောင်းအပါအဝင် လူကြီးသုံးဦးလုံးကို သေဆုံးလျှက် တွေ့ရှိခဲ့ကြသည်။
သို့သော် လေယာဉ်ပေါ်လိုက်ပါလာသည့် အသက် ၁၃နှစ်၊ ၉နှစ်၊ ၄နှစ် နှင့် ၁၂လသား ကလေး လေးဦးမှာ ပျောက်ဆုံးနေသည်။
ပျောက်ဆုံးနေသည့် ကလေးငယ် လေးဦးကို ကိုလံဘီယာစစ်တပ် နှင့် ရဲများက ရဟတ်ယာဉ်များဖြင့် ဆက်တိုက်ရှာဖွေခဲ့သော်လည်း ရှာဖွေမတွေ့ဘဲ ရှိနေခဲ့သည်။
လွန်ခဲ့သည့် မေလ ၁၂ရက်က ကလေးငယ်များကို ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း ကိုလံဘီယာသမ္မတ ဂက်စ်တာဗိုပီထရိုက တွစ်တာပေါ်တွင် ရေးသားခဲ့သော်လည်း သတင်းမမှန်သည့်အတွက် နောက်ပိုင်း ပြန်ဖျက်သွားသည်။
ဆက်လက်ရှာဖွေခဲ့ရာ ဇွန်လ(၉)ရက်နေ့တွင် ကလေးငယ် လေးဦးစလုံးကို တောတွင်းတစ်နေရာ၌ အသက်ရှင်လျှက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကလေးငယ်များအား ပြန်လည်တွေ့ရှိပြီးနောက် ကိုလံဘီယာစစ်သားများနှင့် ကလေးငယ်များနှင့် အတူတကွ ရိုက်ကူးထားသည့် ဓါတ်ပုံများ ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့သွားသည်။
" ကလေးငယ်တွေကို ကိုလံဘီယာတောတွင်းမှာ အသက်ရှင်လျက် ပြန်တွေ့ရလို့ တစ်နိုင်ငံလုံးအတွက် ပျော်စရာသတင်းပါပဲ" " သူတို့အားလုံးအတူတူ ရှိနေကြပြီး အားပြတ်နေတာတွေ့ရတယ်။ ဆရာဝန်တွေက စစ်ဆေးကြည့်ရှုပေးနေပါတယ်။ ကျွန်တော်လည်း ပျော်ပါတယ်" ဟု သမ္မတ ပီထရိုက သတင်းထောက်များနှင့် သောကြာနေ့က တွေ့ဆုံစဉ် ပြောကြားသည်။
အနံ့ခံခွေးများ အကူအညီဖြင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွေခဲ့ရာတွင် ကလေးသူငယ်များ စားသောက်ပြီး လွှတ်ပစ်ထားသည့် သစ်သီးခွံများ၊ ရေဗူးခွံများ နှင့်အတူ သစ်ရွက်သစ်ခက်များနှင့် ပြုလုပ်ထားသည့် ယာယီတဲကိုလည်း အစောပိုင်းက တွေ့ရှိခဲ့ကြသည်။
ကိုလံဘီယာစစ်တပ်နှင့် လေတပ်သည် ပျောက်ဆုံးကလေးငယ်များ ရှာဖွေရေးတွင် လေယာဉ်နှင့် ရဟတ်ယာဉ်များကို အသုံးပြုပြီး ပါဝင်ခဲ့သည်။
NN-27
Ref: Reuters