- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
သိန်းဇော်(မောင်တော)
စစ်တွေ၊ နိုဝင်ဘာ ၂ဝ/၂ဝ၁၉
မိုင်းပေါက်ကွဲမှုများရှိသော်လည်း တိုက်ပွဲ ဖြစ်ပွားမှု မရှိသေးသည့် ရသေ့တောင်မြို့နယ် မယူကမ်းတောင်ပိုင်းတွင် ယနေ့ နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီးနောက် ထိုနေရာအနီးတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား အပြန်အလှန် တိုက်ပွဲ စတင် ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
တိုက်ပွဲ ဖြစ်ပွားခဲ့သော နေရာမှာ ကုန်တန်းကျေးရွာနှင့် သာစည်ကုန်းကျေးရွာကြားတွင် ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
တိုက်ပွဲ ဖြစ်ပွားပြီးနောက် အောင်စည်ကုန်းအုပ်စု၊ သာစည်ကုန်း ကျေးရွာသား ၁၂ ဦးအား တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သာစည်ကုန်း ကျေးရွာသားတစ်ဦးက ပြောသည်။
ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ သာစည်ကုန်းကျေးရွာမှ ဦးမောင်သာထွန်း၊ ဦးဦးထွန်းသိန်း၊ ဦးမောင်ကျော်ဇံ၊ ဦးထွန်းအောင်ကျော်၊ ဦးသန်းထွန်း၊ တင်ဝင်းစိန်၊ ဆန်းလှိုင်၊ ထွန်းဝင်းချေ၊ အထွန်း၊ မောင်လင်းလင်း၊ မောင်ဆန်းဦး နှင့် လင်းလင်းတို့ဖြစ်ကြောင်း ၎င်းက ပြောသည်။
၄င်းတို့အား ယနေ့ နံနက် ၁၁ နာရီခန့်က မယူကမ်း တောင်ဦးဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ညနေပိုင်းထိ ပြန်မရောက်သေးကြောင်း ယနေ့ညနေ ၄ နာရီခွဲခန့်က ဆက်သွယ်မေးမြန်းစဉ် သာစည်ကုန်း ကျေးရွာသားက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
“ဒီနေ့ မနက် ၈နာရီလောက်က ကုန်တန်းနဲ့ သာစည်ကုန်းကြား ပထမပေါက်သံတစ်ခုကြားတယ်။ ကြားတဲ့အချိန်မှာ ကျနော်တို့ မြစ်နားမှာ အလုပ်လုပ်နေတာက လှမ်းကြည့်လိုက်တော့ ပေါက်တဲ့နေရာက မီးခိုးတွေ ထွက်တာ တွေ့လိုက် ရပါတယ်။ အဲဒါပြီးတာနဲ့ အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေ တစ်နာရီ နီးပါးလောက် ကြားလိုက်ရတယ်။ တိုက်ပွဲ ဖြစ်ပြီးတာနဲ့ ကျနော်တို့ရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လာပစ်ပြီး ရွာက လူတွေကို ဖမ်းသွားတယ်” ဟု သာစည်ကုန်းကျေးရွာသားတစ်ဦးက ပြောသည်။
ဖမ်းဆီးခေါ်ဆောင်သွားသူများထဲတွင် အသက်ကြီးပိုင်း အမျိုးသားများလည်း ပါသွားကြောင်း၊ မည်သည့်အတွက် ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုကို မသိရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ သာစည်ကုန်းကျေးရွာသားက ပြောသည်။
သာစည်ကုန်းကျေးရွာသား အခြားတစ်ဦးက “ရွာထဲကို လက်ကြီးလက်နက်ငယ်တွေနဲ့ပစ်တယ်။ ပစ်တဲ့အချိန်မှာ ရွာထဲက နေအိမ်တစ်လုံးလည်း လက်နက်ကြီးကျည်ကျလို့ ပျက်စီးသွားပါတယ်။ သူတို့ကရွာထဲကိုပစ်တယ်ဆိုတော့ ရွာကလူတွေလည်း မနေရဲတော့ဘူး။ ရွာကလူတွေ အကုန်လုံးပေါက်တောပြင်ဖက်သို့ထွက်ပြေးသွားကြတယ်။ အခု ရွာမှာ ဘယ်သူမှမရှိတော့ပါ ” ဟု ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်းစစ်ဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးအား နိရဥ္စရာသတင်းဌာနမှ ယနေ့ညနေ ၅ နာရီ ၃ဝ မိနစ်ခန့်က ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုမရရှိခဲ့ပါ။
ထိုသို့မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြားတိုက်ပွဲ အပြန်အလှန်ဖြစ်ပွားမှုကြောင့် အနီးမှ သီးနှံခင်းတွင် အလုပ်လုပ်နေသူများနှင့် လယ်ကွင်းထဲ စပါးရိတ်သိမ်းနေကြသည့် ကျေးရွာသားများမှာ ကြောက်လန့်ပြီး ကစဉ့်ကလျားထွက်ပြေးခဲ့ရကြောင်း ကုန်တန်းကျေးရွာသားတစ်ဦးက ပြောသည်။
---------------------------
Unicode: