- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
ချစ်အိလှိုင်
နိရဥ္စရာ၊ဇန်နဝါရီ ၁၁/၂ဝ၂ဝ
ရခိုင်ပြည်နယ် ၊မင်းပြားမြို့နယ်၊ ညောင်ကန်ကျေးရွာမှ (၁ဝ) အရွယ် ကလေးငယ်တစ်ဦးသည် ကျည်ဆံ ထိမှန် သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသည့် ကလေးငယ်မှာမြေပုံမြို့နယ် ညောင်ကန်ကျေးရွာမှဖြစ်ပြီး ဦးမောင်အေးစိန် ၊ ဒေါ်လှသိန်းဦး၏ သားငယ်ဖြစ်သည်။
သေဆုံးသူကလေးငယ်၏ မိခင်ဒေါ်လှသိန်းဦးက “ ကျွန်မတို့စစ်ဘေးရှောင်ရာကနေ ဟွန်ဒါစက်လှေနဲ့ ရွာကို ပြန်လာတာပါ။ မေလွမ်းရွာ အထက်ပိုင်းချောင်းထဲအရောက်မှာ တောစပ်ထဲကနေ စစ်သားတွေ သေနတ်နဲ့ လှမ်းပစ်ပါတယ်။ ဗမာစစ်သားတွေပါ။ ကျွန်မအမျိုးသားက ကလေးပါတယ်ဆိုပြီး ဦးထုပ်(မက္ကလာ)ကို မြောက်ပြပါသေးတယ်။ ဆက်ပစ်ပါတယ်။ ကလေးပါတယ်ဆိုပြီးပြတော့ အဲဒီမှာ ကလေးကို ထိသွားပါတယ်။ အူတွေထွက်ပြီး ပွဲချင်းပီး သေပါတယ်။ စက်လှေ စက်ကို ရပ်လိုက်တာတောင်မှ ဆက်ပစ်ပါသေးတယ်။ အလောင်းကို မင်းပြားဆေးရုံကို ယူလာပါတယ်”ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
မင်းပြားမြို့နယ် မေလွမ်းကျေးရွာအနီးတွင် ယနေ့ နံနက်က မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ ကျွန်မတို့လည်း မေလွမ်းရွာထဲကို ဝင်ပြေးပြီး ဆေးဆရာ ရှာပါသေးတယ်။ ကျည်က ကလေးရဲ့ နောက်ကုန်းက ဝင်ပြီး ဗိုက်ကထွက်သွားပါတယ်။ ဖြစ်တဲ့ အချိန်က နေ့လယ် ၂နာရီခန့်မှာပါ။ ကျွန်မတို့က မြောက်ဦးမြို့နယ် ပါးတော်ရွာက ဆွေမျိုးအိမ်မှာ စစ်ဘေးရှောင် သွားရာကနေ ပြန်တာဖြစ်တာပါ။ ကျွန်မတို့က မြေပုံမြို့နယ် ညောင်ကန်ကပါ” ဟု ပြောကြားသည်။
မေလွမ်းကျေးရွာအုပ်ချုပ်ရေးမှူးကလည်း ကလေးတစ်ဦးသေဆုံးသည်မှာဟုတ်မှန်ကြောင်း၊ တပ်မတော်စစ်ကြောင်းမှ ဘုရားသုံးဆူနား ကမ်းထက်မှနေ၍ ဟွန်ဒါစက်လှေကို ပစ်ထည့်လိုက်ရာမှ ထိမှန် သေဆုံးခြင်း ဖြစ်ကြောင်း ကြားသိရကြောင်း ပြောသည်။
မင်းပြားမြို့နယ်နာရေးကူညီရေးအသင်းမှ ၎င်းကလေးငယ်အား နာရေး ကားဖြင့် သယ်ယူရန်စီစဉ်သော်လည်း တားဆီးခံရသဖြင့် ကလေးအလောင်းအား စက်လှေဖြင့် သယ်ယူ၍ မင်းပြားဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်နှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဇော်မင်းထွန်းတို့အား နိရဥ္စရာမှ အကြိမ်ကြိမ် ဆက်သွယ်သော်လည်းဆက်သွယ်မှုမရရှိခဲ့သဖြင့် တပ်ဘက်မှ သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။
မင်းပြားမြို့နယ်မေလွမ်းကျေးရွာအနီးတွင် ယနေ့နံနက် ၅ နာရီခွဲမှ နံနက် ၉ နာရီခွဲထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တပ်မတော်မှစစ်ရဟတ်ယာဉ်နှစ်စီးဖြင့် တိုက်ခိုက်ခဲ့ရပြီး ဒေသအခြေအနေမှာ မတည်မငြိမ် ဖြစ်နေသည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာတပ်တော်တို့ တိုက်ပွဲဖြစ်ပွားနေသော ၁ နှစ်ကျော်ကာလ အတွင်းတွင်အရပ်သားသေဆုံးမှု ၁ဝဝကျော်ရှိနေသည့်အထဲတွင် ကလေးငယ်များ၊ အမျိုးသမီးများပါဝင်နေကြောင်း သိရသည်။
Photo by Moe Kyaw
-----------------------
နိရဉ်စရာ၊ဇနျနဝါရီ ၁၁/၂ဝ၂ဝ
Photo by Moe Kyaw