- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
သန့်မြတ်ခိုင်
စစ်တွေ၊ ဇန်နဝါရီ ၁၆/၂ဝ၂ဝ
ရခိုုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောက်ကျောင်းတောင် ကျေးရွာအနီး မေယူမြစ်အတွင်း စစ်ရေယာဉ်တစ်စီးနှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
၎င်းပစ်ခတ်မှုမှာ ယနေ့ ညနေပိုင်း ၅ နာရီခွဲခန့်က ရသေ့တောင်မြို့နယ် မြောက်ပိုင်း စေတီပြင်ချောင်းဝ အောက်ကျောင်းတောင် ကျေးရွာအနီး မေယူမြစ်အတွင်း အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
“အောက်ကျောင်းတောင် အနီးက ချောင်းဝ မှာ မြန်မာစစ်တပ်က ရေယာဉ် တစ်စီးရှိတယ်ထင်တယ်။ အဲဒီ ရေယာဉ်ကို အေအေတပ်ဖွဲ့ဝင်တွေက ပစ်တဲ့အချိန်မှာ စစ်တပ်ကပြန်ပစ်တယ်ထင်တယ်။ စဖိုကျွန်း ဘုန်းတော်ကြီး ကျောင်းနဲ့ စာသင်ကျောင်းမှာ ကျည်ဆံတွေ ကျတယ်လို့ကြားပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
ယနေ့ ညနေပိုင်းက ပစ်ခတ်မှုဖြစ်စဉ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် စဖိုကျွန်း ကျေးရွာမှ အသစ် ဆောက်လုပ်ထားသည့် စဖိုကျွန်းကျေးရွာ (အမက) စာသင်ကျောင်း ပြတင်းမှန်များ ကွဲသွားကြောင်း စဖိုကျွန်းကျေးရွာ မှ ပညာရေးဝန်ထမ်း တစ်ဦးကလည်း ပြောဆိုသည်။
စဖိုကျွန်း ကျေးရွာမှ ဆရာမတစ်ဦးက “ကျမက ထမင်းစားဖို့လုပ်နေပါတယ်။ ထမင်းစားဖို့လုပ်နေတဲ့အချိန်မှာ ပစ်သံကြားပါတယ်။ ဇက်သင်္ဘောက အောက်ကျောင်းတောင်ဘက်ကို ၄ နာရီ ၅ နာရီလောက်ကနေဆင်းသွားတယ်။ ပစ်ခတ်မှုဖြစ်တာ အခုနားလေးကပါ။ အချိန်လည်းမသိလိုက်တော့ဘူး။ အရမ်းကြောက်နေရပါတယ်။ ဝုန်းကနဲ တချက်ကျပြီး ပေါက်ကွဲတာ ကျမအနားမှာ လာကျသလို ခံစားလိုက်ရတယ်။ ကျမတို့လည်း အိမ်အောက်မှာ ပြားပြား ဝပ်နေလိုက်တယ်။ စာသင်ကျောင်းက မှန်တွေအကုန်လုံးကွဲသွားပါတယ်” ဟု ယနေ့ ၅ နာရီ ၅၇ မိနစ်က ဆက်သွယ် မေးမြန်းစဉ် နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
လက်နက်ကြီးကျည်များလည်း ကျရောက်ပေါက်ကွဲမှု ရှိခဲ့ကြောင်း၊ မည်သည့်ဘက်မှ ပစ်ခတ်သည်ကို မသိရကြောင်း၊ အောက်ကျောင်းတောင်ဘက်မှ ပစ်ခတ်သည်ဟု ယူဆရကြောင်း၊ လက်ရှိတွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် စဖိုကျွန်းကျေးရွာသားများနှင့်အတူ ဒိုးဝေချောင်းကျေးရွာဘက်သို့ ထွက်ပြေးနေရကြောင်း အဆိုပါ ဆရာမက ပြောသည်။
စေတီပြင် ဒေသခံတစ်ဦးကလည်း စေတီပြင်ရွာကလည်း ပစ်ခတ်သံများကို ကြားရပြီး လက်နက်ကြီးကျည်များမှ ရွာပေါ်မှ ဖြတ်သွားမှုများ ရှိခဲ့ကြောင်း ပြောဆိုသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတို်င်း စစ်ဌာနချုပ်မှပြောရေး ဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ နိရဥ္စရာ သတင်းဌာနမှ ယနေ့ညနေ ၆ နာရီခန့်က ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိသေးပါ။
ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခသို့ နိရဥ္စရာမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိသေးပါ။
------------------------------
Unicode