- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၇/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာအနီး၊ ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမဘေးတွင် RPG 7 ( အာရ်ပီဂျီ-၇) ဟု ယူဆရသော လက်နက်ကြီး ကျည်တစ်လုံး မပေါက်ကွဲသေးဘဲ မြေထဲ၌ ထိုးဝင်နေသဖြင့် အနီးအနား ဒေသခံများစိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။
အဆိုပါ လက်နက်ကြီး ကျည်မှာ မင်းပြားမြို့နယ် မေလွမ်းကျေးရွာ၏ မြောက်ဘက် ၃ မိုင်ခန့်အကွာ၊ ကျွဲကြိုကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ၊ ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမ၏ အနောက်ဘက်အခြမ်း ပေ ၄ဝ အကွာခန့်ရှိ လယ်ကွင်းထဲ၌ မပေါက်ကွဲသေးဘဲ မြေထဲ၌ ထိုးဝင်နေကြောင်း မေလွမ်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
" အဝေးက လှမ်းပစ်လို့ မပေါက်ကွဲဘဲ ကျန်နေခဲ့တာလား။ ဘာကြောင့် မပေါက်ကွဲဘဲ ကျန်ခဲ့တာလဲ။ မပြော တတ်ဘူး။ အန္တရာယ်ရှိပါတယ်။ အဲဒီလက်နက်က အချိန်မရွေး ပေါက်ကွဲနိုင်ပါတယ်။ လူတွေလည်း အဲဒီအနားကပဲ သွားလာကြတာပါ။ ကားလမ်းနဲ့လည်း နီးပါတယ်။ ဒါကြောင့် သက်ဆိုင်ရာက ဖော်ယူစေလိုပါတယ်" ဟု မေလွမ်းကျေးရွာအုပ်ချုပ်ရေးမှူးက နိရဥ္စရာသို့ ပြောသည်။
အဆိုပါ လက်နက်ကြီးကျည် ရှိနေသည့် ဒေသရှိ တောင်တန်းများ၌ ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၄ နာရီခွဲခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းနေ့ နေ့လယ် ၁၁ နာရီကျော်ခန့်တွင် တပ်မတော်မှ မိနစ် ၃ဝ ခန့် ရဟတ်ယာဉ်ဖြင့် ပျံဝဲပစ်ခတ်ခဲ့မှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ အာရ်ပီဂျီကျည်မှာ မြေထဲသို့ ၁ ပေခန့် ထိုးစိုက် ဝင်နေကြောင်း ဒေသခံများက ပြောသည်။
" ရွာအနားမှာ တိုက်ပွဲဖြစ်တဲ့နေ့ပြီးရင် မနက်ကျတော့ အဲဒီလက်နက်ကြီးကျည်ကို တွေ့ရတာပါ။ အဲဒီကျည်က မြေထဲကို ထိုးဝင်နေတဲ့ နေရာက ကျွဲ၊ နွားတွေ သွားနေတဲ့ နေရာပါ။ နောက်ပြီး လူတွေကလည်း အဲဒီနားကပဲ သွားတာပါ။ အနီးအနား ကျေးရွာတွေအတွက် အရမ်းအန္တာရယ်များပါတယ်" ဟု မေလွမ်းကျေးရွာမှ ဒေသခံတစ်ဦးက နိရဥ္စရာသို့ပြောသည်။
ယင်းလက်နက်ကြီး ကျည်ကြောင့် ဒေသခံများမှာ စိုးရိမ်နေကြသဖြင့် မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူးသို့ နိရဥ္စရာမှဆက်သွယ်ခဲ့ရာ ၎င်းမှ ခွင့်ယူထားကြောင်း ပြောဆိုသည်။
----------------------------
Unicode:
နိရဉ်စရာ၊ ဇနျနဝါရီ ၁၇/ ၂ဝ၂ဝ