- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
သန့်မြတ်ခိုင်
နိရဥ္စရာ၊ မတ် ၈/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် တောင်ပိုင်း၊ မြောင်းဘွေတံတားအနီးတွင် ယနေ့နံနက် ၃ နာရီ ကျော်က မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သား သုံးဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
ဒဏ်ရာရရှိသွားသူ ၃ ဦးမှာ မူဆလင် ကျေးရွာ တစ်ရွာဖြစ်သည့် ဘူးတစ်လုံးရွာဟောင်းမှ ဒေါ်အာရှောင် (၃ဝ) နှစ် (ဘ) ဘတင် (ခ) နုရ်မာမောက်၏ ဦးခေါင်းတွင် ဒဏ်ရာရပြီး မောင် နော်ဒီခါ (၁၈) နှစ် (ဘ) ခါလီဘာတွင် ညာဘက်ခြေထောက်၌ ဒဏ်ရာရရှိကာ မောင်ချော်ဘီအာလောင် (၅) နှစ် ဦးခေါင်းတွင် ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်ဟု သိရသည်။
ဘူးတလုံးကျေးရွာတာဝန်ခံက “ မတစ်ယောက်၊ ကျားနှစ်ယောက် ဒဏ်ရာရပါတယ်။ တစ်ဦးက ဒဏ်ရာပြင်းတဲ့ အတွက် မြောင်းဘွေဆေးရုံကို ယူဆောင်သွားတယ်။ သူက အာရှောင်ပါ” ဟု ပြောသည်။
တိုက်ပွဲမှာ မြောင်းဘွေ တံတားအနီးတွင် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ကြကြောင်း၊ ဘူးတစ်လုံးရွာဟောင်းမှ နွား ၂ ကောင် ဒဏ်ရာရပြီး ကောက်ရိုးပုံ လေးပုံ မီးလောင်သွားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မြောင်းဘွေချေ အုပ်ချုပ်ရေးမှူး “ ဖြစ်တာက ၃ နာရီ ၄၅ မိနစ်လောက်မှာဖြစ်တာပါ။ ဖြစ်တာက မြောင်းဘွေတံတား တောင်ဘက် မှာ ဖြစ်တာရှိတယ်။ မင်းပြားနဲ့ မြောက်ဦးမြို့နယ် အစပ်နဲ့ မြောင်းဘွေတံတားအကြားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနေရာက ဒိုင်းဆိုပြီးတော့ ပေါက်သံ တစ်ခုကြားလိုက်ရတယ်။ အဲလိုကြားပြီးတာနဲ့ လက်နက်ကြီး လက်နက်ငယ် ပစ်သံများ ကြားလိုက်ရတယ်။ ၁၅ မိနစ် ကျော်ကျော်လောက်ကို ပစ်သံကြားလိုက်ရပါတယ်” ဟု ပြောကြားသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အနီးအနားရှိ ကျေးရွာသားများမှာ ထွက်ပြေးသွားကြကြောင်းသိရသည်။
အဆိုပါ နေရာ အနီးတွင် မတ် ၂၉ ရက်နေ့ကလည်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဘူးတစ်လုံး မူဆလင် ကျေးရွာမှ ရွာသား ၆ ဦး၊ လက်သန်းချေ ကျေးရွာမှ တစ်ဦး၊ ကျွဲတဲရွာမှ တစ်ဦး၊ ရွှေလံရွာမှ တစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၈ ဦးရှိခဲ့ပြီး တပ်မတော်၏ ဖမ်းဆီးခံရသူ ၁၄ ဦးရှိကြောင်း သိရသည်။
--------------------------
Unicode:
နိရဉ်စရာ၊ မတျ ၈/၂ဝ၂ဝ