- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ မတ် ၉ /၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာ အရှေ့ဖက်တောင်တန်းတွင် ယနေ့ ညနေ ၅ နာရီ အချိန်တွင် မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဖားပြိုကျေးရွာသား အများအပြား ဒဏ်ရာရရှိပြီး နေအိမ် ၈ လုံးမီးလောင်သွားသည်ဟု ဒေသခံများထံမှ သိရသည်။
" တိုက်ပွဲက ၅ နာရီ လောက်မှာ စဖြစ်တယ်။ တစ်နာရီနီးပါးလောက်ဖြစ်ခဲ့တယ်။ အခုရွာမှာ အိမ် ၈ လုံးလောက် မီးလောင်နေတယ်။ လူ ၁ဝ ကျော်လောက်လည်း ဒဏ်ရာရတယ်လို့ သိရတယ်။ မီးကအခုထိမငြိမ်းသေးဘူး။ ကားလည်းတစ်စီးမီးလောင်သွားတယ်။ ဘယ်သူတွေ ဒဏ်ရာ ရသွားတယ်ဆိုတာကိုလည်း အတိအကျတော့ မပြောနိုင်သေးဘူး။ မင်းရွာဆေးခန်းဖက်ကို သွားတဲ့ လူတွေလည်း သွားကြပြီး။ အခုမင်းပြား ဆေးခန်းဖက်ကို သွားဖို့ လုပ်နေတဲ့သူတွေလည်း လုပ်နေတယ်။ တိုက်ပွဲဖြစ်တာက ရွာအရှေ့ဖက်က တောင်တန်းမှာ ဖြစ်တာပါ ။ ရွာမြောက်ဖက်မှာ ရှိတဲ့ သင်္ချိုင်းတောင်ပေါ်ကလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာရှိတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မင်းပြားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ̏ လောလောဆယ် သေနတ်သံတွေတော့ ကြားနေရတယ်။ ရွာထဲကလည်း မီးခိုတွေတော့ ထွက်နေတယ်။ မီးလောင်တာတော့ဟုတ်တယ်။ အနီးအနားက ကျေးရွာ တာဝန်ခံ တစ်ဦးက အိမ်ရှစ်ဆောင် မီးလောင်သွားတယ်လို့ ပြောတယ်။ ဒဏ်ရာရတဲ့သူတွေ ရှိတယ်။ ကလေးတွေ၊ မိန်းခလေးတွေလည်း ပါတယ်ဆိုတာကို သိရတယ်။ ဘယ်နှဦးလဲဆိုတာတော့ ကျွန်တော် အတိအကျမသိရသေးဘူး˝ဟု ပြောသည်။
ဒေသအတွင်းက လူမှုရေး လုပ်ဆောင်နေသူ တစ်ဦးက တိုက်ပွဲထဲက လက်နက်ကြီးကျည် ရွာထဲ ကျရောက်ပေါက်ကွဲ၍ ဖားပြိုရွာသား ၁ဝ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း ပြောကြားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သတင်းအပြည့်အစုံကို နိရဥ္စရာသတင်းဌာနအနေဖြင့် စုံစမ်းနေဆဲဖြစ်ပါသည်။
-----------------------------------------
Unicode:
နိရဉ်စရာ၊ မတျ ၉ /၂ဝ၂ဝ