- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
ဆောင်းဇာခြည်
နိရဥ္စရာ၊ မတ် ၁၁/ ၂ဝ၂ဝ
တပ်မ (၇၇) လက်အောက်ခံ ခမရ(၇) မှ ဗိုလ်ကြီးအဆင့်ရှိ ဆေးတပ်မှူးတစ်ဦး၊ အခြား ဗိုလ်ကြီးတစ်ဦးအပါအဝင် စုစုပေါင်း(၁ဝ) ဦးခန့်အား လက်နက်ခဲယမ်းအချို့နှင့် ထပ်မံ ဖမ်းဆီး ရမိကြောင်း ရက္ခိုင့်တပ်တော် (AA) မှ ယနေ့ ညနေ ၄ နာရီခန့်က သတင်း ထုတ်ပြန်သည်။
ရက္ခိုင့်တပ်တော် (AA) မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “မနေ့ကဖြစ်တဲ့ နောက်ဆက်တွဲပါ။ အဲဒါမှာ ဒီနေ့မှ ဖမ်းရတာတွေ ရှိတယ်။ မနေ့က ဖမ်းရတာတွေ ရှိတယ်။ မနေ့က ဖမ်းရတာက တပ်ရင်းမှူး အပါအဝင် ၂ဝ ပေါ့နော်။ ဒီနေ့ ဖမ်းရတာက အဲဒီ ဗိုလ်ကြီး နှစ်ယောက်အပါအဝင် ဆယ်ယောက်ပေါ့နော်။ ဆိုတော့ အားလုံးစုစုပေါင်းက သုံးဆယ်ဖြစ်ပါပြီ” ဟု နိရဥ္စရာသို့ ပြောသည်။
ယနေ့ ညနေ ၄ နာရီခန့်က ထုတ်ပြန်ချက်တွင် “၂ဝ၂ဝ ပြည့်နှစ်၊မတ်လ(၁၁) ရက်နေ့တွင်လည်း တပ်မ(၇၇) လက်အောက်ခံ၊ပဲခူးတိုင်း၊ ဘုရားကြီးမြို့၊အခြေစိုက်၊ခမရ(၇) မှ ဗိုလ်ကြီးအဆင့်ရှိ ဆေးတပ်မှူးတစ်ဦး၊ အခြားဗိုလ်ကြီးတစ်ဦးအပါအဝင် စုစုပေါင်း(၁ဝ) ဦးခန့်အားလက်နက်(၁၄) လက်၊ ခဲယမ်းအချို့နှင့်အတူထပ်မံလက်ရဖမ်းဆီးရမိထားသည်။” ဟု ပါရှိသည်။
လက်ရှိအချိန်တွင်လည်း တိုက်ပွဲများမှာဆက်လက်ပြင်းထန်လျက်ရှိပြီး မြန်မာ့တပ်မတော်မှ အတွဲလိုက်ဒုံး၊ လေကြောင်းမှ တစ်နေကုန် မရပ်မနား ပစ်ခတ်တိုက်ခိုက်လျှက်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြရေးသားထားသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ အဆက်သွယ်မရရှိသေးပါ။
ယနေ့ နံနက်ပိုင်းက အေအေ၏ သတင်းထုတ်ပြန်ချက်တွင်လည်း ကျောက်တော်မြို့နယ် မုန့်သန်းပြင် ကျေးရွာအနီးတဝိုက်တွင် ယမန်နေ့ နံနက် ၄ နာရီခန့်က ရက္ခိုင့်တပ်တော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကာ ခမရ (၇) မှ တပ်ရင်းမှူး သက်နိုင်ဦးအပါအဝင် အရာရှိ၊ အကြပ်ဆရာ၊ ရဲဘော် စုစုပေါင်း (၂ဝ) ဦးခန့်အား လက်ရဖမ်းဆီးခဲ့ကာ လက်နက်ခဲယမ်း အမြောက်အများနှင့် အတူ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။
-------------------------------
Unicode:
နိရဉ်စရာ၊ မတျ ၁၁/ ၂ဝ၂ဝ