- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
ချစ်အိလှိုင်
နိရဥ္စရာ ၊ မတ် ၂ဝ / ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေညှင်းတောင်ကျေးရွာ အနောက်ဘက် တောင်တန်းကို ယနေ့ မွန်းလွဲအချိန်က တပ်မတော်မှ ဂျက်တိုက်လေယာဉ်များဖြင့် ပစ်ခတ်၍ ၎င်းတောင်တန်းကို မီးလောင်နေသည်ဟု သတင်းရရှိသည်။
တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရသည့် ရွာသားတစ်ဦးဖြစ်သူ ဦးလူမောင်ချေက “မျက်လုံးနဲ့ မြင်လိုက်တာတော့ နှစ်စီးမြင်လိုက်တယ်။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ဒီတိုင်းလာပစ်တာ။ ၁ဝ မိနစ်လောက်ပစ်ခဲ့တယ်။ မီးခိုးတွေထွက်နေတာမြင်နေရတယ်” ဟု ပြောသည်။
တစ်ခြား လေညှင်းတောင် ရွာသား တစ်ဦးကို ဆက်သွယ် မေးကြည့်ရာ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် သုံးကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်ခဲ့ကြောင်း ပြောကြားသည်။
“ လေယာဉ်လာတယ်။ လေယာဉ်လာတယ်ဆိုတာနဲ့ ချက်ချင်းရောက်လာပြီး ရွာအနောက်ဘက်က တောင်တန်းကို ဗုံးကြဲပါတယ်။ အဲဒီ တောင်တန်းကို မီးခိုတွေထွက်ပြီး အခုအချိန်ထိ မီးလောင်နေပါတယ်။ ရွာကိုတော့ တစ်စုံတစ်ရာ ထိခိုက်တာမရှိပါ။ ဖြစ်တာက မွန်းလွဲ ၂ နာရီကျော်၊ ၃ နာရီလောက်မှာ ဖြစ်တာပါ။ သုံးကြိမ် နှစ်စီးစီ လာကြဲပါတယ်။ လေယာဉ်နဲ့ ပစ်ခတ်ပီးတာနဲ့ မြောက်ဦးတပ်ရင်းတွေက အမြောက်တွေနဲ့ ပစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
မီးလောင်နေသည့် တောင်တန်းမှာ လေညှင်းတောင်ကျေးရွာနှင့် ၄ ဖာလုံခန့်အကွာတွင် တည်ရှိကြောင်း သိရသည်။
တောင်တန်းမီးလောင်နေသဖြင့် မြောက်ဦးမြို့နယ် မီးသတ်သို့ ဆက်သွယ်ရာ တာဝန်ကျ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက လေညှင်းတောင် ဘက်တွင် ပစ်ခတ်သံများကြားကြောင်း၊ တောင်မီး လောင်နေခြင်းအား သတင်းပေးလာသူ မရှိသေးကြောင်း ပြောကြားသည်။
“ပစ်ခတ်သံတွေကြားလိုက်ပါတယ်။ မြို့ပေါ်နဲ့လည်း အတော်ဝေးပါတယ်။ တောင်မီးလောင်နေတာ ကိုတော့ သတင်းပေးလာတာမရှိသေးပါဘူး။ ဆက်သွယ်ဖို့ ဖုန်းနံပါတ်လည်း မရှိသေးပါဘူး” ဟု ၄င်း တာဝန်ကျ မီးသတ်တပ်ဖွဲ့ဝင် ကပြောသည်။
မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ လေယာဉ်နဲ့ ပစ်သွားတာဟုတ်တယ်။ ဒေသခံတွေက ပြောတယ်။ လေညှင်းတောင်အ နောက်ဖက်က တောင်တန်းတွေကိုတဲ့။ အရပ်သားထိခိုက်မှုတွေတော့ ဆက်သွယ်လာတာမရှိဘူး။ တောင်မီးလောင်တာ ဟုတ်ချင်လည်းဟုတ်မှာပေါ့။ မီးလောင်တာတော့ မသိသေးဘူး” ဟု ဦးထွန်းသာစိန်ကပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ရာ ဖုန်းကိုင်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပဲ ဖုန်းချသွားခဲ့သည်။
ရက္ခိုင့်တပ်တော်(AA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား နိရဥ္စရာမှဆက်သွယ်ရာ မြောက်ဦးနှင့် မြေပုံမြို့နယ်ဘက်တွင် တိုက်လေယာဉ်များဖြင့် တိုက်ခိုက်မှုများရှိနေသည်ဟု သတင်းရရှိကြောင်း၊ သတင်းအတိအကျ သူမရရှိသေးကြောင်း ပြောကြားသည်။
မြောက်ဦးမြို့နယ် ပီပင်ကုန်းကျေးရွာ၌ ၂ဝ၂ဝ ခုနစ် မတ်လ ၁၈ ရက်နေ့ က တောမီး လောင်ရာမှ မီးပွားများကျ၍ လူနေအိမ် ၈ လုံးမီးလောင်ပြီး ၂ ဆောင်ကို ဖြိုလိုက်ရကာ၊ စပါးကျီတစ်ခုလည်း ပျက်စီးသွားကြောင်းသိရသည်။
---------------------------
Unicode:
နိရဉ်စရာ ၊ မတျ ၂ဝ / ၂ဝ၂ဝ