- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
နိရဥ္စရာ၊ မေ ၂၅/ ၂ဝ၂ဝ
ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်ရှိ အငြိမ်းစားကျောင်းဆရာ တစ်ဦးနေအိမ်ထဲ ယနေ့ နေ့လယ်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ သို့သော်လည်း လူထိခိုက်မှု မရှိကြောင်း သတင်းရရှိသည်။
အမည်မဖော်လိုသူ အစိုုးရဝန်ထမ်း တစ်ဦးက “ ဒီကနေ့ နေ့လယ် ၁၂ နာရီလောက်မှာ လာကျတာပါ။ လူတွေက ထိခိုက်မှုမရှိဘူး။ အိမ်ရဲ့စားဖိုဆောင် နံရံကို ဖောက်ဝင်သွားပါတယ်။ အိုးခွက် ပန်းကန်တေ ကွဲသွားပါတယ်။ အပျက်အစီးကတော့ အိုးတွေ၊ ပန်းကန်တွေလောက်ပါပဲ။ လက်နက်ကြီး ကျတဲ့ အချိန်မှာ လူတွေက အိမ်ဦးခန်းကို ရောက်နေကြတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။
လက်နက်ကြီးကျည်ကျသော အိမ်မှာ အငြိမ်းစားကျောင်းဆရာ ဒေသခံအခေါ်ဗိုလ်ကြီး (ခ) ဦးထောင်ကိန်းနှင့် ဆရာမ ဒေါ်ကြင်ခ အိမ်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“ လက်နက်ကြီး ပစ်ခတ်သံတွေက တစ်နေ့လုံးကြားရပါတယ်။ ဘယ်က ပစ်တဲ့ လက်နက်ကြီးဆိုတာတော့ မပြောတတ်ဘူး။ တိုက်ပွဲကတော့ ဒီနေ့ ဖြစ်ပွားတာ မရှိဘူး။ မနေ့က ညနေပိုင်းမှာ ရေတံခွန်တောင်ဘက်မှာ တပ်မတော်နဲ့ AA တို့အကြား တစ်နာရီလောက်တော့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။
မနေ့က တိုက်ပွဲ ဖြစ်ပွားသော နေရာသည် ကုလားတန်မြစ် အရှေ့ခြမ်းတွင် ဖြစ်ပြီး တပ်ရင်း ၂၈၉ နှင့် နီးကြောင်း၊ ညနေ ၆ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောသည်။