- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၇/၂ဝ၂ဝ
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် ယမန်နေ့ ညနေက ကားတစ်စီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရ၍ ကားမောင်နှင့် ယာဉ်အကူတို့တွင် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။
ဒဏ်ရာရရှိသွားသူနှစ်ဦးမှာ မောင်တောမြို့နယ်၊ ဒုချီးရာတန်းကျေးရွာအုပ်စု၊ ခရေမြိုင် (နတလ) ကျေးရွာတွင် နေထိုင်သူများဖြစ်ကြသည့် ယာဉ်မောင်းသူ ဦးအောင်မျိုးသန်း(၃ဝ) နှစ် (ဘ) ဦးအောင်သောင်းရွှေနှင့် ယာဉ်အကူ ဦးမောင်သန်းဝင်း (၃၆) နှစ်(ဘ) ဦးညိုထွန်းအောင်တို့ ဖြစ်ကြောင်း သိရသည်။
မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဖြစ်စဉ်ကို အတည်ပြုသည်။
“ ခြုံတောက ပစ်တယ်လို့ဘဲ သိရတယ်။ အဲဒီနားမှာ ရဲစခန်းလည်း အဝေးကြီးဆိုတော့ ဘယ်သူ ပစ်တယ် မှန်းတော့ မသိရသေးပါဘူး။ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စိစစ်နေတုန်းဖြစ်ပါတယ်။ လုံခြုံရေး ကတော့ ကောင်းတဲ့ခါကောင်းလိုက်၊ မကောင်းတဲ့ခါလည်း ဒီလိုဖြစ်နေတာပါဘဲ” ဟု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
၎င်းတို့နှစ်ဦးသည် မောင်တောမြို့နယ် အင်းဒင်ကျေးရွာဘက်သို့ ကားအငှားလိုက်ပြီး ပြန်လာစဉ် ညနေ ၇ နာရီ ၁၅ မိနစ်ခန့်တွင် မြင်းလွတ်၊ မြောချောင်းရပ်ကွက် အနီးသို့ ရောက်ရှိစဉ် ကားလမ်း၏ ယာဘက်ခြုံတော အတွင်းမှ လက်နက်ငယ်ဖြင့် ၅ချက်ခန့် ပစ်ခံခဲ့ရသည်ဟု ဆိုသည်။
ထိိုသို့ ပစ်ခတ်ခံရသဖြင့် ယာဉ်မောင်းသူ ဦးအောင်မျိုးသန်း၏ ညာပေါင်တွင် ကျည်ဆံ တစ်ချက်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး မောင်သန်းဝင်းတွင် လေကာမှန်ကွဲအက်ရာမှ ဘယ်ဘယ်ခြေသလုံးတွင် မှန်စဝင်ပြီး ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။
နှစ်ဦးစလုံး၏ ဒဏ်ရာမှာ စိုးရိမ်စရာမရှိသော်လည်း မောင်တောမြို့ ပြည်သူ့ဆေးရုံတွင် တင်ထားရပြီး လက်ရှိတွင် ယာဉ်မောင်းသူကို စစ်တွေသို့ ယူဆောင်သွားရသည်ဟု သတင်းရရှိသည်။