- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ သြဂုတ် ၁၈ / ၂ဝ၂ဝ
ကျောက်ဖြူမြို့နယ်၊ စနဲရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သားတစ်ဦးဖြစ်သူ ကိုရဲကိုနိုင် အသက် (၂၇) နှစ်ကို AA ကိုသတင်းပို့သည်ဟု စွပ်စွဲချက်ဖြင့် အကြမ်းဖက်မှု ဥပဒေပုဒ်မနှင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
အမှုဖွင့်ခံရသူမှာ ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်းကျေးရွာ ဇာတိဖြစ်ပြီး ကျောက်ဖြူမြို့နယ်၊ စနဲရဲစခန်းတွင် တာဝန်ထမ်းဆောင်နေချိန်တွင် ဖမ်းဆီးခံရကာ အကြမ်းဖက်မှု ဥပဒေပုဒ်မဖြင့် အမှုဖွင့်ခံရခြင်း ဖြစ်ကြောင်း အစ်မဖြစ်သူ မခင်မီမီအောင်က နိရဥ္စရာ သတင်းဌာနသို့ပြောသည်။
“ သူ့က ၆ လပိုင်း ၂၈ ရက်နေ့ကနေ အဖမ်းခံရတာ။ သူက အိမ်ကို ထမင်းလာစားတယ်။ ၂၈ ရက်နေ့က အိမ်ကို ထမင်းစားဖို့ မရောက်ဘူး။ ၂၉ ရက်နေ့မှ သူ့ကို အကြမ်းဖက်မှုနဲ့ အမှုဖွင့်ထားတဲ့ဆိုတာကို သိရတာပါ။ သူကို ကျောက်ဖြူမြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်။ သူကိုဖမ်းတာကတော့ AA ကို သတင်းပို့တယ်ဆိုပြီး ဖမ်းထားတာပါ” ဟု သူမက ပြောသည်။
ကိုရဲကိုနိုင်အမှုအား လိုက်ပါဆောင်ရွက်နေသူ ရှေ့နေ ဒေါ်လင်းလင်းခိုင်က “ သူ့အမှုက အခု ရမန်ယူထားတဲ့ အချိန်ကာလဘဲ ရှိသေးတယ်။ သူ့ကိုဖွင့်ထားတဲ့အမှုတွေကတော့ ၅ဝ (ည) နဲ့ ၅၂ (က) တို့ဖြစ်တယ်။” ဟု ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ရဲတပ်သား အမှုဖွင့်ခံရခြင်းမှာ ဟုတ်မှန်ကြောင်း နိရဥ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။
၄င်းကိစ္စနှင့် ပတ်သက်၍ ကျောက်ဖြူမြို့နယ် ဒုရဲမှူးကြီး ဦးကျော်ဇောအား နိရဥ္စရာ သတင်းဌာနမှ ဖုန်ဖြင့်ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပါ။