- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ၂၇/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ခေါင်းလောင်းချောင်းကျေးရွာအနီး ရွှေဘုံသာမြစ်(ခ) ခေါင်းလောင်းချောင်း မြစ်အတွင်း ခုတ်မောင်းနေသည့် တပ်မတော်ရေယာဉ်များနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ယနေ့ နံနက်ပိုင်းက အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံမျက်မြင်ကျေးရွာသားများက ပြောကြားသည်။
ခေါင်းလောင်းချောင်းကျေးရွာမှ ဦးသန္တာမောင်က “အေအေက နေဗီတွေကို ရှော့တိုက်ဒုံးတွေနဲ့ လှမ်းပစ် ပါတယ်။ ထိမထိတော့ ကျွန်တော်တို့ ရွာသားတွေ မသိပါဘူး။ ပစ်ခတ်မှုဖြစ်တော့ ကျွန်တော်တို့ ရွာသားတွေ ကြောက်ပြီး ဟိုပြေးဒီပြေးပေါ့။ လုံခြုံမယ့်နေရာမှာ ပုန်းကြရတယ်။ စစ်တွေကနေ မင်းပြားဘက်ကို နေဗီတွေ တက်လာချိန်မှာ နှစ်ဘက်အပြန်လှန်ဖြစ်ကြပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။
ယနေ့ နံနက် ၆ နာရီခန့်က တပ်မတော်စစ်ရေယာဉ် ၃ စီးသည် စစ်တွေမြို့မှ မင်းပြားမြို့ဘက်သို့ ရွှေဘုံသာမြစ် (ခေါင်းလောင်းချောင်းမြစ်) မြစ်အတိုင်း တက်လာစဉ် ခေါင်းလောင်းကျေးရွာနှင့် သက်ပုန်းကျေးရွာတို့ အနီးသို့ အရောက်တွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ၎င်းက ပြောဆိုသည်။
ကုန်းပေါ်မှ AA တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ပြီး တပ်မတော်တပ်ဖွဲ့ဝင်များမှ ရေယာဉ်များပေါ်မှ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ခဲ့ကာ သေနတ်သံများကို တစ်နာရီ နီးပါးခန့် ကြားခဲ့ရသည်ဟု ပြောဆိုသည်။
ယနေ့ နံနက် ၆ နာရီခန့်က အဆိုပါ ရေယာဉ် ၃ စီးသည် မင်းပြားမြို့နယ်ရှိ ငှက်ကြီးပေါက်ချောင်းသို့ အရောက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းမှ ပစ်ခတ်၍ တက်လာကာ ခေါင်းလောင်းချောင်းကျေးရွာအနီးသို့ အရောက်တွင် အေအေနှင့် နှစ်ဘက်အပြန်အလှန် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပုလဲပေါက်ကျေးရွာမှ ဦးလှသန်းမောင်က ပြောသည်။
“မနက်ကတစ်ကြိမ် နေဗီတွေ တက်လာတုန်း အဲဒီနေရာမှာ ပစ်ခတ်မှုဖြစ်တယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေ အသံရော အကုန်လုံးအသံကြားရပါတယ်။ အဲဒီနေဗီတွေ ပြန်အဆင်းမှာလည်း လက်နက်ကြီး၊ လက်နက်ငယ်အသံတွေ ထပ်ကြားပါတယ်။ ပြန်အဆင်းမှာတော့ နေဗီက ပစ်ပြီး ဆင်းသွားတာပါ” ဟု ၎င်းက နိရဥ္စရာသို့ ပြောသည်။
ယနေ့ နံနက် ၆ နာရီခန့်က ပစ်ခတ်မှုဖြစ်စဉ်တွင် ပုလဲပေါက်ကျေးရွာမှ ဦးမောင်ထွန်းဖြူအိမ်ထံသို့ လက်နက်ကျည်အချို့ ကျရောက်၍ အိမ်နံရံအချို့ ပေါက်သွားကြောင်း၊ ဦးသိန်းဖေ၏ ကျွဲတစ်ကောင်နှင့် ဦးမောင်သိန်းရွှေ၏ ဝက်တစ်ကောင်တို့မှာလည်း လက်နက်ကျည် ထိမှန်၍ ဒဏ်ရာအသီးသီး ရရှိ သွားကြကြောင်း ဦးလှသန်းမောင်က ဆက်ပြောသည်။
မင်းပြားမြို့မှ ဒေသခံတစ်ဦးက “ဒီနေ့ မနက်အစောကြီးက နေဗီက သုံးစီး စစ်တွေဘက်က တက်လာတာ။ နေဗီက အကြီး ၂ စီးရယ် အသေး ၁ စီးရယ်။ အဲဒီမှာ ခေါင်းလောင်းချောင်းနဲ့ သက်ပုန်းရွာနားရောက်တာနဲ့ နှစ်ဘက်ပစ်ခတ်မှုဖြစ်တယ်။ ဒီလောက် ပစ်ကြတာ ထိခိုက်မှုတွေ ရှိပါလိမ့်မယ်။ ကျွန်တော်တု့ိအနေနဲ့ကတော့ တိတိကျကျ ပြောနိုင်ဘူး” ဟု ယနေ့ နံနက် ၁၁ နာရီခန့်က နိရဥ္စရာသို့ ပြောသည်။
ယင်းနေဗီများမှာ မင်းပြားမြို့တွင် အမှတ် ၂ ရပ်ကွက်ရှိ မင်းဗာကြီး ဖောင်တော်တွင် အချိန်အနည်းငယ် ရပ်နားခဲ့ကြောင်း၊ နေဗီများရပ်နားထားစဉ် အနီးအနားရှိ လမ်းများကို ပိတ်ဆို့ထားခဲ့ပြီး အရပ်သားများကို သွားလာခွင့် မပြုခဲ့ကြောင်း၊ ယနေ့ နံနက် ၁ဝ နာရီခွဲခန့်တွင် ၎င်းစစ်ရေယာဉ်များမှာ စစ်တွေမြို့သို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းအား နိရဥ္စရာမှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။
အဆိုပါ သတင်းနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ် အခြေစိုက် LAY MRO- Media Group တွင်လည်း သတင်းဖော်ပြထားသည်။
မင်းပြားမြို့နယ် ၊ ခေါင်းလောင်းချောင်းရွာနှင့် သက်ပုန်းကျေးရွာအနီး မြစ်ကြောင်းထဲ၌ တပ်မတော်ရေယာဉ်တစ်စီး ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့ နံနက်အစောပိုင်းက ပစ်ခတ် ခံခဲ့ရကြောင်း ဒေသခံများ၏ ဖုန်းသတင်းပေးချက်အရ သိရကြောင်း၊ ထိုပစ်ခတ်ခံရမှုကြောင့် ထိခိုက်မှု ရှိမရှိကိုတော့ အတိအကျမသိရကြောင်း ၊ ပစ်ခတ်သံများကြောင့် မြစ်အနီးအနားရှိ ကျေးရွာအချို့မှ ဒေသခံများ ကြောက်လန့်နေခဲ့ရကြောင်း၊ တဆက်တည်းမှာပင် ကျားရဲပြင်ကျေးရွာအနီးတွင်လည်း ပစ်ခတ်သံ အချို့ ကြားခဲ့ရပြီး ငတန်ပျင်းကျေးရွာမှ ဦးမဲမောင်၏ နွား (၁) ကောင် သေဆုံးခဲ့ကြောင်း ငတန်ပျင်းရွာသားတစ်ဦးက ဖုန်းဖြင့်သတင်းပေးပြောကြားခဲ့ကြောင်း ၎င်းသတင်း ဖော်ပြထားသည်။
(ဓာတ်ပုံ- ရခိုင်ပြည်နယ်မှ မြစ်တစ်ခုအတွင်း သွားလာနေသည့် တပ်မတော် ဇက်စစ်ရေယာဉ် တစ်စီးကို တွေ့ရစဉ်။ ယခုပုံမှာ လက်ရှိ တိုက်ပွဲနှင့် သက်ဆိုင်မှု မရှိပါ။)